ကမ်ပါလာ ဩဂုတ် ၅
သူလျှိုလုပ်မှုသံသယဖြင့် ယူဂန်ဒါနိုင်ငံရှိ ထိပ်တန်းပညာရှင်တစ်ဦးဖြစ်သည့် လောရင့်မူဂန်ဂါ (Lawrence Muganga) ကို ၎င်းနိုင်ငံလုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးလိုက်ကြောင်း စစ်တပ်အနေဖြင့် သတင်းထုတ်ပြန်သည်ဟု အယ်လ်ဂျာဇီးယားသတင်းတစ်ပုဒ်တွင် တွေ့ရသည်။
ပုဂ္ဂလိကပညာရေးလုပ်ငန်းတစ်ခုဖြစ်သည့် ဗစ်တိုးရီးယား (Victoria) တက္ကသိုလ်၏ အဓိပတိဖြစ်သူ လောရင့်မူဂန်ဂါကို ကမ်ပါလာမြို့တော်ရှိ လူစည်ကားရာလမ်းပေါ်ရှိ အဆောက်အအုံတစ်ခုပေါ်မှ နေ့လယ်ပိုင်းက ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။
လူမှုကွန်ရက်မီဒီယာပေါ် လွှင့်တင်ထားသော အပျော်တမ်းဗီဒီယိုဖိုင်တစ်ခုတွင် ရိုးရှင်းစွာဝတ်ဆင်ထားသော သေနတ်သမားများက လောရင့်မန်ဂန်ဂါဟုဆိုသူ လူတစ်ဦးကို မောင်းသူမဲ့လေယာဉ် ပဲ့ကိုင်ထိန်းချုပ်ရန် စေခိုင်းနေကြောင်း တွေ့ရှိရပြီး အဆိုပါမောင်းသူမဲ့လေယာဉ် (Drone) သည် ယူဂန်ဒါအစိုးရအတိုက်အခံများကို ပြန်ပေးဆွဲမှုနှင့် ဆက်စပ်နေသည်။
လောရင့်မန်ဂန်ဂါသည် ယူဂန်ဒါနိုင်ငံ၏ဒေသတွင်း ပြိုင်ဘက်ဖြစ်သူ ရဝမ်ဒါနိုင်ငံ၏စစ်ထောက်လှမ်းရေးအသိုင်းအဝိုင်းနှင့် နီးစပ်သူဟု ယူဆ၍ ယခုကဲ့သို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရကြောင်း လူမှုမီဒီယာပေါ်တွင် ဝေဖန်သူများက ပြောဆိုနေကြသည်။
လူမှုမီဒီယာပေါ်ရှိ သဘောထားမှတ်ချက် (comments) များနှင့်ပတ်သက်၍ လောရင့်မန်ဂန်ဂါ ပြန်ပေးဆွဲခံရကြောင်းပြောဆိုနေကြခြင်းမှာ သတင်းအမှားသာဖြစ်ကြောင်း ယူဂန်ဒါစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဘလေဘီယာဘိုက်ဝါဇိုက တုံ့ပြန်ငြင်းဆိုထားသည်။
“သူလျှိုလုပ်မှု၊ ပြည်တွင်းတရားမဝင်နေထိုင်မှုတွေနဲ့ ဆက်စပ်ပ်ြီး သူ့ကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့တာပါ။ ဒီကိစ္စကို စတင် စုံစမ်းစစ်ဆေးနေပါတယ်” ဟု ဗိုလ်မှူးချုပ် ဘလေဘီယာဘိုက်ဝါဇိုက ဆိုသည်။
လောရင့်မန်ဂန်ဂါ လုပ်ကိုင်နေသည့် တက္ကသိုလ်ကတော့ လတ်တလော သဘောထားမှတ်ချက်ပေးခြင်းမရှိပေ။
မန်ဂန်ဂါသည် ယူဂန်ဒါနိုင်ငံရှိ ရဝမ်ဒါမျိုးနွယ်စုမှ ဆင်းသက်လာသော အထင်ရှား ဘန်ညာဝမ်ဒါလူမျိုးဖြစ်ပြီး ယူဂန်ဒါပြည်တွင်းအသိုင်းအဝိုင်းတစ်ခု၏ ပြောခွင့်ရသူတစ်ဦးအဖြစ်လည်း ဆောင်ရွက်ခဲ့ဖူးသည်။
ယခုနှစ်အစောပိုင်းက ၎င်းသည် ပြည်တွင်းရှိ ရဝမ်ဒါမျိုးနွယ်များကို ‘အဘာဗန်ဒီမွီ’ (Abavandimwe) ဟု အမည်ပြောင်းလဲရန် စည်းရုံးခဲ့သည်။ ယင်းသို့ စည်းရုံးရခြင်းအကြောင်းမှာ ၎င်းမျိုးနွယ်များကို ယူဂန်ဒါနိုင်ငံ လက်ရှိအစိုးရဟု ‘အပယ်ခံ’ ဟု သတ်မှတ်ပြီး သက်သေခံကတ်ပြားကဲ့သို့ အများပြည်သူဝန်ဆောင်မှုလုပ်ငန်းများအတွက် နိုင်ငံခြားသားများဟူသောအမြင်ဖြင့် ငြင်းပယ်ခဲ့၍ဖြစ်သည်။