CNI News
၂၀၂၁ ခုနှစ်၊စက်တင်ဘာ ၄


ပြီးခဲ့သည့် သြဂုတ် ၁၄ ရက်နေ့က ရန်ကုန်-အင်းစိန်မြို့ပတ်ရထားပေါ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ပစ်ခတ် သတ်ဖြတ်သူများကို လက်နက်များနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း စက်တင်ဘာ ၄ ရက်နေ့က နစက သတင်း ထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ၂၀၂၁ ခုနှစ်၊ သြဂုတ် ၁၄ ရက်တွင် ရန်ကုန်-အင်းစိန် မြို့ပတ်ရထားပေါ်၌ အငိုက် ဖမ်းပစ်ခတ်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၄ ဦးကျဆုံးကာ လက်နက်ခဲယမ်းအချို့ကို ဆုံးရှုံးခဲ့မှုဖြစ်စဉ်နှင့် ပတ်သက်၍ ပြန်လည် ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၃ ရက်နေ့ နံနက် ၅ နာရီခွဲ ခန့်၌ တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်၊ ဒဂုံလမ်း၊ တိုက်(၇)ကို စစ်ဆေးရာ ဆန်းမင်းအောင် (၂၄)နှစ်၊ ကျော်ဝင်းစိုး(၃၃)နှစ်နှင့် ကောင်းပြည့်စုံဦး (၂၇)နှစ်တို့ကို Luger ကျည် ၄၃၇ တောင့်၊ လက်လုပ်သေနတ် ဒင်ဝိုင်း ၅ ခု၊ စတီးပြောင်း ၄ ချောင်းတို့အတူ ဖမ်းဆီးရမိခဲ့သည်ဟု ဖော်ပြထားသည်။

ပုံ-သိမ်းဆည်းရမိခဲ့သည့် လက်နက်များ

ထို့နောက် ၇ နာရီခန့်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်သစ်ရပ်ကွက်၊ ဘုရင့်နောင်လမ်း၊ တိုက်(၂)ကို စစ်ဆေးရာ မမြတ်ဖြိုးပွင့်(၃၁)နှစ်၊ ဇေယျာဖြိုး(ခ)တရုတ် (၃၂)နှစ်တို့ကို ဆုံးရှုံးသွားခဲ့သော လက်နက်ငယ် ၄ လက်နှင့် ဆက်စပ်ပစ္စည်းများနှင့် ဖမ်းဆီးရမိခဲ့သည်ဟု နစကဘက်က ထုတ်ပြန်ခဲ့သည်။


ထိုဖမ်းဆီးရမိတရားခံ ၅ ဦး၊ လက်နက်ခဲယမ်းများနှင့်ပစ္စည်းတို့အား သက်ဆိုင်ရာသို့ အပ်နှံထားရှိပြီး ဆက်စပ် တရားခံများ ဖမ်းဆီးရမိရေး စစ်ဆေးဆောင်ရွက်လျက်ရှိသည်ဟု နစက-က ဆိုသည်။