CNI News
၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၄
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒုတိယကာကွယ်ရေးဝန်ကြီး Colonel General Alexander Vasilyevich Fomin နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက)ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့ တွေ့ဆုံ၍ စစ်ဘက်နည်း ပညာများ ပူးပေါင်းဆောင်ရွက်ရေး စက်တင်ဘာ ၄ ရက်နေ့က ဆွေးနွေးကြကြောင်း နစကသတင်းထုတ်ပြန် ရေးအဖွဲ့က ဆိုသည်။
အဆိုပါ တွေ့ဆုံ ဆွေးနွေးမှုကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာနတွင် ဖြစ်ပြီး နစက ဘက်မှ နစက-ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုး၊ စစ်သံမှူးနှင့် တပ်မတော်အရာရှိကြီးများ ပါဝင်သည်ဟု နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။
နစက-သတင်းထုတ်ပြန်ရေးအဖွဲ့က “မြန်မာ-ရုရှား နှစ်နိုင်ငံနှင့် နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြား ချစ်ကြည်ရင်း နှီးမှု တိုးမြှင့်ရေးအတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊ စစ်ဘက်နည်းပညာ၊ ပညာရေး၊ ကျန်းမာရေးနှင့်ဘဏ္ဍပေါင်းစုံတွင် ရုရှားနိုင်ငံမှ ကူညီဆောင်ရွက်သွားမည့် အခြေအနေများအား ရင်းနှီးပွင့်လင်း စွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်”ဟု ထုတ်ပြန်ချက်မှာ ဆိုထားသည်။
ထို့နောက် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ သွားရောက်ပြီး မြန်မာသံရုံးနှင့် မြန်မာစစ်သံ(ကြည်း၊ရေ၊လေ)ရုံးတို့မှ မိသားစုများဖြင့် တွေ့ဆုံကာ နိုင်ငံတော်နှင့် မိမိဝန်ကြီးဌာန အပေါ် သစ္စာရှိရှိဆောင်ရွက်ကြရမည်ဟု ပြောသည်။
နစက-ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံက International Army Games-2021 ပြိုင်ပွဲ ပိတ်ပွဲ အခမ်းအနားသို့ တက်ရောက်ရန် ဖိတ်ကြားသည့်အတွက် စက်တင်ဘာ ၁ ရက်နေ့ ကတည်းက ရုရှားနိုင်ငံမှာ ရောက်ရှိနေခြင်းဖြစ်သည်။
ရုရှားနိုင်ငံသည် မြန်မာ့တပ်မတော်နှင့် စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်လျက်ရှိပြီး မြန်မာ့တပ်မတော်သားများကိုလည်း ရုရှားနိုင်ငံသို့ ပညာသင်ကြားရေး လက်ခံဆောင်ရွက်ပေးလျက်ရှိသည်။ အလားတူ မြန်မာ့တပ်မတော်သို့ စစ်ဘက်ဆိုင်ရာ နည်းပညာများ၊ လက်နက်များကို ရောင်းချပေးလျက်ရှိသည့် နိုင်ငံလည်းဖြစ်သည်။
၂၀၁၀ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အထိ ဆယ်နှစ်အတွင်းတွင် ရုရှားကနေ မြန်မာ့တပ်မတော်သည် တိုက်လေယာဉ်များ၊ သယ်ယူပို့ဆောင်ရေး လေယာဉ်များ၊ ဒုံးပစ်ယာဉ်များ၊ လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည်များနှင့် တာဝေးပစ် ဒုံးကျည်များ ဝယ်ယူခဲ့သည်။
အဆိုပါ ၂၀၁၀ ကနေ ၂၀၂၀ ခုနှစ် ဆယ်စုနှစ်တစ်ခုအတွင်းတွင် မြန်မာ့တပ်မတော်သည် ရုရှာနိုင်ငံကနေ အမေရိကန်ဒေါ်လာ ၂.၅ ဘီလီယံဖိုး စစ်သုံး လက်နက်များ ဝယ်ယူရန် ဘတ်ဂျက်သုံးစွဲခဲ့ကြောင်းလည်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာရယူမှုမတိုင်ခင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလထဲမှာပဲ မြန်မာ့ တပ်မတော်သည် ရုရှားနိုင်ငံကနေ လေတပ်သုံး လက်နက်နှင့်ယာဉ်များထဲမှ ညပိုင်းများတွင် နေ့ကဲ့သို့ စစ်ဆင် ပစ်ခတ်နိုင်သော လေတပ်သုံး လက်နက်များ ဝယ်ယူခဲ့သေးသည်။