ကဘူးလ် စက်တင်ဘာ ၄
အာဖဂန်နစ္စတန်နိုင်ငံ၊ ပန်ဂျာရှာပြည်နယ်ရှိ တောင်ကြားဒေသတွင် တာလီဘန်တပ်ဖွဲ့များနှင့် ဒေသခံခေါင်းဆောင် အာမက် မာဆွတ်ကို သစ္စာခံသောတပ်ဖွဲ့တို့ ထိတွေ့၍ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တစ်ဖက်နှင့်တစ်ဖက် အသေအပျောက် များပြားခဲ့ ကြောင်း အယ်လ်ဂျာဇီးယားသတင်းအရ သိရသည်။
တစ်ချိန်တည်းမှာပင် တာလီဘန်များက ကဘူးလ်မြို့တော်တွင် အစိုးရတစ်ရပ် အခိုင်အမာဖွဲ့စည်းရေး ကြိုးပမ်းနေသည်။
ဗြိတိန်နိုင်ငံခြားဝန်ကြီး ဒေါမနစ်ရက်ဘ်က “တာလီဘန်များနှင့်တိုက်ရိုက်ထိတွေ့ရန်လိုအပ်ကြောင်း” စက်တင်ဘာ ၂ ရက် က ၎င်း၏ ဒိုဟာအလည်အပတ် ခရီးစဉ်အတွင်း သဘောထားမှတ်ချက်ပေးခဲ့သည်။
ကဘူးလ်လေဆိပ် အမြန်ဆုံး ပြန်ဖွင့်နိုင်ရေးအတွက် ကာတာနိုင်ငံအနေဖြင့် တာလီဘန်များနှင့်ပူးပေါင်းဆောင်ရွက်နေ ကြောင်း ကာတာနိုင်ငံခြားရေးဝန်ကြီး ရှိတ်မိုဟာမက် ဘင်အဗ္ဗဒူရာမန်အယ်လ်သနီကပြောသည်။ ယင်းသို့ဖွင့်လှစ်နိုင်ရေး အတွက် တူရကီထံမှနည်းပညာ အကူအညီများရရန် ကာတာကြိုးပမ်းနေသည်။
ကာတာနိုင်ငံခြားရေးဝန်ကြီး အယ်လ်သနီက “လေဆိပ်ကိုတတ်နိုင်သမျှအမြန်ဆုံးဖွင့်နိုင်ဖို့ကျနော်တို့ကြိုးပမ်းနေပါတယ်။ နောက်ရက်တွေဆို သတင်းကောင်း ကြားရတော့မယ်လို့ မျှော်လင့်ပါတယ်”ဟု စက်တင်ဘာ ၂ ရက် သတင်းစာ ရှင်းလင်းပွဲ တွင် ပြောခဲ့သည်။
အာဖဂန်နစ္စတန်နိုင်ငံတွင် တာလီဘန်များနှင့် ထိတွေ့ရန် လိုအပ်ကြောင်း ဗြိတိန်နိုင်ငံခြားရေး အတွင်းဝန်က ပြောခဲ့သော် လည်း ဗြိတိန်အနေဖြင့် တာလီဘန်တို့၏ အစိုးရအဖွဲ့ကို ချက်ချင်းအသိအမှတ်ပြုရန် အစီအစဉ် မရှိသေးကြောင်းနှင့် စကားလုံးအသုံးအနှုန်းအားဖြင့်မဟုတ်ဘဲ ၎င်းတို့လုပ်ရပ်များကိုသာ အကဲဖြတ်မည်ဖြစ်ကြောင်း ဆိုသည်။
ကုလသမဂ္ဂ၏ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လေကြောင်းပျံသန်းမှုကို ဩဂုတ် ၂၉ ရက်က အာဖဂန်မြောက်ပိုင်း မာဇာအီရှရစ်ဖ်မြို့သို့ လေယာဉ် ၃ စင်း ဆိုက်ရောက်စေခြင်းဖြင့် စတင်ခဲ့ကြောင်း ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ စတီဗင်ဒူ ဂျာရစ်က စက်တင်ဘာ ၃ ရက်၌ ပြောခဲ့သည်။
ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) လေယာဉ်များလည်း ပါကစ္စတန်နိုင်ငံ၊ အစ္စလာမ္မာဘတ်မြို့မှ အာဖန်နစ္စတန်နိုင်ငံ၊ မာဇာအီရှရစ်ဖ်မြို့နှင့် ကန်ဒါဟာမြို့များဆီသို့ ပျံသန်းဆိုက်ရောက်လာကြသည်။
ကုလသမဂ္ဂအနေဖြင့် အာဖဂန်နစ္စတန်နိုင်ငံတွင် ၎င်း၏တာဝန်ဝတ္တရားများ အမြန်ဆုံး မြှင့်တင်လုပ်ဆောင်ရန် ကြိုးပမ်းနေ ကြောင်း စတီဗင်ဒူဂျာရစ်က ဆက်လက်ပြောသည်။
“၂၀၀၂ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အထိ အာဖဂန်နစ္စတန်မှာ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ လေကြောင်းပျံသန်းမှုတွေ ကို နိုင်ငံရဲ့နေရာ ၂၀ ကျော်မှာ အကူအညီပေးခဲ့ပါတယ်။ အခုဆိုရင် လုံခြုံရေးနဲ့ ရန်ပုံငွေခွင့်ပြုချက်ရမှ ဒီနေရာတွေကို ပြန် ကူညီဖို့ ကြိုးစားနိုင်မယ်” ဟု စတီဗင်ဒူဂျာရစ်က ဖြည့်စွက်ပြောကြားခဲ့သည်။