တိုကျို၊စက်တင်ဘာ ၃

ဂျပန်ဝန်ကြီးချုပ် ယိုရှိဟိဒဲဆုဂသည် နိုင်ငံတဝန်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ထိန်းချုပ်ရန် ပျက်ကွက်မှုများ ရှိခဲ့သဖြင့် စက်တင်ဘာ ၃ ရက် ယနေ့တွင် ၎င်း၏ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်မည်ဖြစ်ကြောင်း ပြောကြား လိုက်သည်ဟု နစ်ကိုင်းအေးရှား(ဂျပန်)သတင်းအရ သိရသည်။

၎င်း၏ပါတီသည် လာမည့်အထွေထွေရွေးကောက်ပွဲမတိုင်မီ ခေါင်းဆောင်သစ်ရှာဖွေရန် အာဏာရပါတီအနေဖြင့် ရုန်းကန်နေခဲ့သည်။ဝန်ကြီးချုပ်ဖြစ်သည့် ၎င်း၏နေရာကို အစားထိုးသတ်မှတ်ပြီးလျှင် ရာထူးမှ ဆင်းပေးမည် ဖြစ်ကြောင်း၊ အာဏာရပါတီခေါင်းဆောင်နေရာအတွက်လည်း ဝင်ရောက်ယှဉ်ပြိုင်မည်မဟုတ်ကြောင်း ဆုဂ က တဆက်တည်း ပြောကြားလိုက်ခြင်းဖြစ်သည်။

ဝန်ကြီးချုပ်ရာထူးသက်တမ်း တစ်နှစ်အကြာတွင် ယင်းသို့ ရုတ်တရက်ဆုံးဖြတ်လိုက်ခြင်းဖြစ်ပြီး ကူးစက်ရောဂါ အပေါ် ဆုဂ၏တုံ့ပြန်ချက်သည် အစိုးရတစ်ရပ်အနေဖြင့် ထောက်ခံမှုအနိမ့်ဆုံးအခြေအနေသို့ ရောက်ရှိ နေခဲ့သည်။

“ကျနော် ဝန်ကြီးချုပ်ဖြစ်လာပြီး တစ်နှစ်အတွင်းမှာ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအစီအမံတွေနဲ့ တိုင်းပြည်မှာ ရင်ဆိုင်နေရတဲ့ပြဿနာအမျိုးမျိုးကို ကိုင်တွယ်ဖြေရှင်းဖို့ အားသွန်ခွန်စိုက် ကြိုးစားခဲ့ပါတယ်” ဟု ဆုဂက သတင်းထောက်များကို ပြောကြားခဲ့သည်။

ရွေးကောက်ပွဲဝင်ရန်နှင့် ဗိုင်းရပ်စ်တုံ့ပြန်မှုကို ကိုင်တွယ်ဖြေရှင်းရန် “ကြီးမားသောစွမ်းအား” တစ်ခုလိုအပ်ခြင်းကို မိမိသဘောပေါက်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“အဲဒီနှစ်ခုစလုံး ကျနော် မလုပ်နိုင်တာကို နားလည်လာတယ်။ အဲဒီထဲက တစ်ခုခုကို ကျနော်ရွေးရမယ်” ဟု ဆုဂက ဆိုသည်။

ယခုလကုန်ပိုင်း ကျင်းပမည့် ပါတီခေါင်းဆောင်ရွေးချယ်မှုအတွက်ကိုပါ စွန့်လွှတ်လိုက်ခြင်းကြောင်း ဆုဂ၏ ဆုံးဖြတ်ချက်အပေါ် အံ့အားသင့်မိကြောင်း လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) ၏အထွေထွေအတွင်းရေးမှူး တိုရှီဟီရိုနီကိုင်းက မှတ်ချက်ချသည်။

“ဒါဟာ အင်မတန် ဝမ်းနည်းစရာကောင်းပါတယ်။ သူ အကောင်းဆုံး ကြိုးစားခဲ့ပါတယ်” ဟု ပါတီ အထွေထွေ အတွင်းရေးမှူးက ဆိုသည်။

စင်စစ်အားဖြင့်လည်း ဆုဂသည် အာဏာရပြီး တစ်နှစ်အတွင်း ရွေးကောက်ပွဲမတိုင်မီ ရာထူးမှ နုတ်ထွက်မည့် အစီအစဉ်ကို အရိပ်အမြွက်မပြဘဲ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ယမန်နှစ်က ကျန်းမာရေးအကြောင်းပြချက်ဖြင့် ယခင်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် ရာထူးမှ နုတ်ထွက်ပြီး နောက် လစ်လပ်သွားသောနေရာအတွက် ယိုရှိဟိဒဲဆုဂ တက်လာခဲ့သည်။

ဆုဂ၏အစိုးရသည် ကူးစက်ရောဂါတုံ့ပြန်မှု နှေးကွေး၍ လူကြိုက်နည်းလာချိန်တွင် အိုလံပစ်ပွဲတော် အိမ်ရှင်အဖြစ် လက်ခံခဲ့ခြင်းကြောင့်လည်း ဂျပန်လူမျိုးများကြားတွင် ၎င်းအပေါ် ထောက်ခံမှု အထူးကျဆင်းလာခဲ့သည်။ ကာကွယ်ဆေး စတင်ဖြန့်ချိနိုင်မှု တုံ့ဆိုင်းနေခဲ့သော်လည်း အိုလံပစ်ပွဲကာလအတွင်း ကူးစက်မှု အလွန်မြန်ဆန် သွားခဲ့သည်။

ဂျပန်နိုင်ငံတွင် ကပ်ရောဂါကာလအတွင်း သေဆုံးသူ ၁၆,၀၀၀ နီးပါးရှိသည်။

အသက် ၇၂ နှစ်အရွယ်ရှိ ဆုဂသည် နိုင်ငံရေးသက်တမ်းရှည်သူတစ်ဦးဖြစ်သော်လည်း လူကြိုက်နည်းသော ဝန်ကြီးချုပ်တစ်ဦးအဖြစ် မှတ်တမ်းဝင်ခဲ့ပြီဟု ဂျပန်မီဒီယာများက ရေးသားဖော်ပြကြသည်။