ဂျေရုဆလင်၊စက်တင်ဘာ ၃
ဂျေရုဆလင်မြို့မှာ အမေရိကန်ကောင်စစ်ဝန်ရုံး ပြန်ဖွင့်မည့်အစီအစဉ်သည် ကောင်းမွန်သည့်စိတ်ကူးမဟုတ်ဘဲ လက်ရှိဝန်ကြီးချုပ် နက်ဖ်တာလီဘန်းနက်၏အစိုးရကို မတည်မငြိမ်ဖြစ်စေနိုင်ကြောင်း အစ္စရေးဘက်မှပြောသည် ဟု အယ်လ်ဂျာဇီးယားသတင်းဌာနက ရေးသားဖော်ပြသည်။
အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်၏ယခင်အစိုးရလက်ထက်ကလည်း ဂျေရုဆလင်မြို့ကို အစ္စရေးတို့၏ မြို့တော်အဖြစ် အသိအမှတ်ပြုသည့်အနေဖြင့် အမေရိကန်သံရုံးကို တဲလ်အဗစ်မြို့မှ ဂျေရုဆလင်သို့ ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့ပြီး ကောင်စစ်ဝန်ရုံးကို ပိတ်ခဲ့သည်။ ယင်းကောင်စစ်ဝန်ရုံးသည် ပါလက်စတိုင်းတို့အတွက် သံတမန်ရေး ထိုးဖောက်မှုအတွက် အစဉ်အလာအရ အခြေစိုက်ခဲ့သည်။ ထိုသို့ ထရမ့်အစိုးရ၏ သံရုံးရွှေ့သည့်လုပ်ရပ်သည် အရှေ့ဂျေရုဆလင်ကို ၎င်းတို့အနာဂတ်မြို့တော်အဖြစ် လိုလားနေကြသည့် ပါလက်စတိုင်းခေါင်းဆောင်များကို ဒေါသထွက်စေခဲ့သည်။
သမ္မတဂျိုးဘိုင်ဒန်တက်လာချိန်တွင် ပါလက်စတိုင်းနှင့်အမေရိကန် ဆက်ဆံရေးပြန်လည်တည်ဆောက်ပြီး ၂၀၂၁ ခုနှစ် မေလတွင် အမေရိကန်နိုင်ငံခြားဝန်ကြီး ဘလင်ကင်က ယခင်ပိတ်ထားခဲ့သော ကောင်စစ်ဝန်ရုံးပြန်လည် ဖွင့်လှစ်ပေးမည်ဟု ကြေညာခဲ့သည်။
အရှေ့ဂျေရုဆလင်ရှိ သိမ်းပိုက်နယ်မြေတွင် ဖွင့်လှစ်ခဲ့သော အမေရိကန်ကောင်စစ်ဝန်ရုံးသည် ပါလက်စတိုင်း များနှင့် သံတမန်ဆက်ဆံရေးကို ကြီးကြပ်ကွပ်ကဲလျက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရုံးတစ်ရုံးအဖြစ် ကာလရှည်ကြာ အသုံးပြုခဲ့သည်။
အမေရိကန်ကောင်စစ်ဝန်ရုံးကို ဂျေရုဆလင်မြို့တွင် ပြန်လည်ဖွင့်လှစ်မည့်အရေးနှင့်ပတ်သက်၍ အစ္စရေး နိုင်ငံခြားရေးဝန်ကြီး ယွာလေပစ်က စက်တင်ဘာ ၁ ရက် သတင်းစာရှင်းလင်းပွဲ၌ “ဂျေရုဆလင်ဟာ အစ္စရေးတို့ အချုပ်အခြာအာဏာပိုင်မြို့တော်ဖြစ်ပြီး အစ္စရေးကပဲ ပိုင်ဆိုင်ပါတယ်။ ဒါကြောင့် ဒီကိစ္စဟာ ကောင်းတဲ့စိတ်ကူးလို့ ကျနော် မထင်ဘူးဗျ။ ဘိုင်ဒန်အစိုးရမှာ ဒီကိစ္စအပေါ် ရှုမြင်တဲ့နေရာမှာ မတူတဲ့နည်းလမ်းတွေရှိတယ်ဆိုတာ ကျနော်သိတယ်။ ဒါပေမယ့် အစ္စရေးဘက်ကို ဘယ်လိုသက်ရောက်မှုရှိမယ်ဆိုတဲ့ ကျနော်တို့အသံ သူတို့နားစွင့် နေတယ်ဆိုတာတော့ သေချာတယ်” ဟု ပြောကြားခဲ့သည်။
ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့မှ အကြီးတန်းအရာရှိ ဝါဆယ်အဘူယူစက်ကလည်း အမေရိကန် ကောင်စစ်ဝန်ရုံးဖွင့်ခြင်းကို အစ္စရေးက ငြင်းပယ်လိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောကြားထားပြီးဖြစ်သည်။
အစ္စရေးနိုင်ငံခြားရေးဝန်ကြီး၏သဘောထားမှတ်ချက်နှင့်ပတ်သက်၍ အမေရိကန်သံရုံးကို မေးမြန်းကြည့်ရာ သံရုံးပြောရေးဆိုခွင့်ရှိတစ်ဦးက “မေလတုန်းက ဝန်ကြီး ဘလင်ကင်ကြေညာထားတဲ့အတိုင်း အမေရိကန်က ဂျေရုဆလင်မှာ ကျနော်တို့ကောင်စစ်ဝန်ရုံး ပြန်ဖွင့်ဖို့ လုပ်ငန်းစဉ်ကို ရှေ့ဆက်လုပ်မှာပါ။
လတ်တလော ကျနော်တို့ နောက်ထပ်သတင်းထုတ်ဖို့ မရှိသေးဘူးခင်ဗျ” ဟု တုံ့ပြန်ဖြေကြားခဲ့သည်။
အစ္စရေးက ဂျေရုဆလင်အစိတ်အပိုင်းအားလုံးကို ၎င်း၏ခွဲခြား၍မရသော မြို့တော်ဟု သတ်မှတ်ထားသော်လည်း ယင်းသတ်မှတ်ချက်မှာ နိုင်ငံတကာအသိအမှတ်မပြုသည့်အနေအထားမျိုးဖြစ်နေသည်။