၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၃

စစ်တပ်မှ အာဏာရယူပြီး‌ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း ဆန့်ကျင်ဆန္ဒပြမှုနှင့်အတူ လက်နက်ကိုင်တိုက်ပွဲများ ကြောင့် တိုက်ပွဲရှောင်လူဦး‌ရေ ၈ သိန်းနီးပါး ရှိလာပြီဖြစ်ကြောင်း မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအဖွဲ့(ISP)က ထုတ်ပြန်ခဲ့သည်။

ISP - Myanmar က "တိုက်ပွဲနဲ့ အပြန်အလှန် ပစ်ခတ်မှုတွေကြောင့် ယခုတပတ်အတွင်း စစ်ပြေး ဒုက္ခသည် ၁၁,၈၅၆ ဦးကျော် တိုး လာပြီး၊ စစ်အာဏာသိမ်းမှု နောက်ပိုင်း စစ်ပြေးဒုက္ခသည် အရေအတွက် ၂၇၁,၄၅၆ ဦးကျော် ရှိလာခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီ ၁ ရက်ကစပြီး အခု ၂၀၂၁ ခုနှစ်၊ ဩဂုတ် ၃၁ ရက်အထိ စစ်ပြေး ဒုက္ခသည် အရေ အတွက်ကို ကြည့်ရင် ၇၆၈,၉၅၆ ဦးကျော် ရှိလာခဲ့ပါတယ်" ဟု ဆိုသည်။

ယခုတပတ်အတွင်း တိုးလာသည့် စစ်ပြေး ဒုက္ခသည်တွေအနက် ၅,၀၀၀ ကျော်မှာ ကယားပြည်နယ်အတွင်း စစ်တပ်နှင့် ဒေသကာကွယ်ရေးတပ်တို့ အပြန်အလှန် ပစ်ခတ်မှုအပြီး ဘေးလွတ်ရာ တိမ်းရှောင်လာခဲ့ခြင်း ဖြစ်သည်ဟု ISP - Myanmar က ဆိုသည်။

စစ်တပ်အာဏာရယူပြီးနောက်ပိုင်း တိုင်းရင်းသား ဒေသများ အပါအဝင် ဒေသအချို့မှာ တိုက်ပွဲနှင့် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှု ၈၇၃ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး ၎င်းပစ်ခတ်မှုများကြောင့် သေဆုံးခဲ့ရသည့် အရပ်သား ပြည်သူ ၁၆၆ ဦးကျော်ရှိကာ ထိခိုက်ဒဏ်ရာရသူ ၁၃၈ ဦးကျော် ရှိခဲ့သည်ဟု ISP - Myanmar ၏ ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

လက်ရှိတွင် ကယားပြည်နယ် လွိုင်ကော်အရှေ့ဘက်ခြမ်း လွိုင်လင်ကျေးရွာအုပ်စုမှာ တိုက်ပွဲရှောင်များ ထပ် ရောက်လာသည်ဟု တိုက်ပွဲရှောင်များကိုကူညီပေးနေသူ တစ်ဦးဖြစ်သည့် ကိုသာမိုးက ပြောသည်။

“တိုက်ပွဲရှောင်တွေက လောလောဆယ်တော့ အရှေ့ဘက်ခြမ်းမှာပဲ စစ်ရှောင်တာများတာ။ အနောက်ဘက်ခြမ်း မှာတော့ အနည်းအကျဉ်းပဲ ရှိတယ်။ အနောက်ခြမ်းမှာတော့ မရှောင်ပေမယ့် သူတို့ စိုးရိမ်နေတယ်” ဟု ၎င်းက ပြောသည်။

ကယားပြည်နယ် ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာအနီးတွင် ထိုးစစ်ဆင်လာသော စစ်တပ်နှင့် ကရင်နီ ဒေသကာ ကွယ်ရေးတပ်တို့အကြား စက်တင်ဘာ ၁ ရက်နေ့ ညနေပိုင်း၌ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု KNDF က သတင်း ထုတ်ပြန်ခဲ့သည်။

အလားတူ စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာအချို့မှာ စစ်တပ်က ဝင်ရောက်စီးနင်းမှုများကြောင့် အနီးအနားမှ ဒေသခံပြည်သူ ၅,၀၀၀ ကျော်သည်လည်း ဘေးလွတ်ရာကို ထပ်မံ ထွက်ပြေးတိမ်းရှောင် လာကြရသည်ဟု ISP - Myanmar ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် စစ်တပ်နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်ဖွဲ့(MNDAA) တို့အကြား တိုက်ပွဲ အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင် အချင်းချင်းအကြား တိုက်ပွဲများကြောင့် ဒေသခံပြည်သူ ၁၄၀၀ ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဆိုသည်။

ကျောက်မဲမြို့တွင် တိုက်ပွဲရှောင်များကို ကူညီပေးနေသူ ဦးတင်မောင်သိန်းက “စစ်ရှောင်တွေက ပိုတိုးလာတာ ပေါ့။ ‌နောက်ထပ်တိုးမယ့် သဘောလည်းရှိတယ်။ ဘာလို့လည်းဆိုတော့ စစ်ရေးအနေအထားက မကောင်းဘူး လေ” ဟု ပြောသည်။

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်က တန့်ဂျာရွာအနီးမှာ စစ်တပ်နှင့် KIA တို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်မှ နေအိမ်အချို့တွင် တပ်စွဲထားသည့်အတွက် ဒေသခံပြည်သူ ၄၀၀ ကျော်ခန့်မှာ ဘေးလွတ်ရာ နေရာများ သို့ ထွက်ပြေးလာကြသည်ဟု ISP – Myanmar ၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

ပြည်တွင်း နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေရသည့် တိုက်ပွဲရှောင်ဒုက္ခသည် အရေအတွက် ၇၆၀,၀၀၀ ကျော်အထိ ရှိလာသလို ယခင်ကတည်းက ဖြစ်ပွားခဲ့သည့် လက်နက် ကိုင် ပဋိပက္ခများကြောင့် ပြည်ပမှာ ခိုလှုံ နေရသည့် ဒုက္ခသည် အရေအတွက်မှာလည်း ၉၇၂,၀၀၀ ကျော်အထိ ရှိနေသည်ဟု ISP – Myanmar က ဆို သည်။