CNI News
၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၂


ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသည့် ပြည်နယ်ပေါင်းစုပြည်ထောင်စုတည်ဆောက်ရေးနှင့်ထပ်တူဖြစ်သောကြောင့် KNU Concerned Group မှ CRPH/NUG ကို ကြိုဆိုထောက်ခံပြီး အုပ်ချုပ်ရေး၊ စစ်ရေး၊ နိုင်ငံရေးနှင့်သံတမန်ရေး လှုပ်ရှားမှုများကို စွမ်းစွမ်းတ မံ ပံ့ပိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။


၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရလွှတ်တော်အမတ်များမှ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၅ ရက်တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)ကို ဖွဲ့စည်းခဲ့ပြီး ၂၀၂၁ ခုနှစ်၊ မတ်လ ၃၁ ရက်၌ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေကို အပြီးသတ် ဖျက်သိမ်းကြောင်း ကြေညာခဲ့သည်ဟုလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

KNU Concerned Group က “CRPH/NUG ရဲ့ နိုင်ငံရေးရပ်တည်ချက်ဖြစ်သည့် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးသည် မိမိတို့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ အစည်းတို့၏ တော်လှန်ရေး ရည်မှန်းချက် ပန်းတိုင်ဖြစ်သည့် တိုင်းရင်းသား တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသည့် ပြည်နယ်ပေါင်းစုပြည်ထောင်စု တည်ဆောက်ရေးနှင့် ထပ်တူဖြစ်သောကြောင့် KNU Concerned Group မှ CRPH/ NUG ကို ကြိုဆိုထောက်ခံပြီး အုပ်ချုပ်ရေး၊ စစ်ရေး၊ နိုင်ငံရေးနှင့် သံတမန်ရေးလှုပ်ရှားမှုများကို စွမ်းစွမ်းတမံ ပံ့ပိုး ဆောင်ရွက် သွားမည်”ဟု ဆိုသည်။


KNU Concerned Group မှ CRPH/NUG ကို အုပ်ချုပ်ရေး၊ စစ်ရေး၊ နိုင်ငံရေးနှင့် သံတမန်ရေး လှုပ်ရှားမှုများကို ပံ့ပိုး ပေးမည်ဟုဆိုခြင်းမှာ မည်သည့် အခြေအနေမျိုးကနေ ပံ့ပိုးပေးမည်ကိုတော့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခြင်းမရှိပေ။


ထို့နောက် KNU Concerned Group မှ ပဒိုနော်စီဖိုးရာစိန်ကို ဆက်သွယ်သော်လည်း အဆက်အသွယ် မရပေ။

ပုံ- KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးနဲ့ ပဒိုနော်စီဖိုးရာစိန်ကိုတွေ့ရစဉ်(New Madala)

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက “NUG ကို ကူညီမယ်ဆိုတာက နိုင်ငံရေးအရ ဝိုင်းဝန်းထောက်ခံတဲ့သဘောပေါ့၊ NUG က လက်ရှိသူလုပ်နေတဲ့ နိုင်ငံရေးနဲ့ငြိမ်းချမ်းရေးဟာ မှန်ပါတယ်ဆိုတဲ့အနေနဲ့ ထောက်ခံတာပေါ့၊ နိုင်ငံရေးအရ ထောက်ခံလိုက်တာပဲ၊ နိုင်ငံတကာကိုလည်း NUG အတွက် ထောက်ခံပေးတဲ့သဘောပေါ့၊ NUG အတွက် အားဖြစ်စေတာ ပေါ့။ ပြီးတော့ KNU ထဲမှာ နော်စီဖိုးရာစိန်က NCA မထောက်ခံဘူး၊ တပ်က သဘောမကျဘူး၊ လက်ရှိဥက္ကဋ္ဌ စောမူတူးစေး ဖိုးက NCA အတိုင်းသွားချင်တယ်၊ တွေ့ဆုံဆွေးနွေးစေချင်တယ်၊ အဲမှာကွဲနေတယ်။ အဲတော့ KNU ထဲမှာ NUG နဲ့ ပူးပေါင်း လုပ်ချင်သူနဲ့ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကို သွားစေချင်တဲ့သူ ကွဲလာတယ်။ လာမယ့် ကွန်ဂရက်မှာ ပြန်အရွေး ချယ်ခံရနိုင်ရေး နိုင်ငံရေးအရ Propaganda လုပ်တာလည်း ဖြစ်နိုင်တယ်”ဟု ပြောသည်။


လက်ရှိတွင် နစက-က NUG/CRPH ကို အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် ကြေညာထားသည်။ NUG ဘက်ကလည်း နစကကို အကြမ်းဖက်အဖွဲ့အစည်းဖြစ် ကြေညာထားသည်။
KNU Concerned Group သည် ကရင်အမျိုးသားအစည်းအရုံး(KNU)မှ ဒုဥက္ကဋ္ဌဟောင်းဖြစ်သူ ပဒိုနော်စီဖိုးရာစိန် ဦးဆောင် ဖွဲ့စည်းထားပြီး အများစုမှာ KNU တွင် တာဝန်ယူခဲ့ဖူးသူများလည်း ပါဝင်ကြောင်း သိရသည်။ သို့သော် KNU နှင့် ပတ်သက် ဆက်စပ်မှုမရှိဘဲ သီးခြား ရပ်တည်သည့် အရပ်ဖက် အဖွဲ့အစည်းပုံစံမျိုးဖြစ်ကြောင်း သိရသည်။