CNI News
၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၂
ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် သြဂုတ် ၂၂ ရက်မှစတင်၍ ကျင်းပပြုလုပ်နေသည့် International Army Games-2021 ပြိုင်ပွဲတွင် ပါဝင်သော တင့်ကားမောင်းနှင်ပစ်ခတ်ခြင်းပြိုင်ပွဲ Tank Biathlon(Division-2)၌ ဝင်ရောက် ယှဉ်ပြိုင်နေသည့် မြန်မာ့တပ်မတော်တင့်တပ်ဖွဲ့သည် ဗိုလ်လုပွဲသို့ တက်ရောက်သွားပြီး ဖြစ်ကြောင်း သိရသည်။
တင့်ကားမောင်းနှင်ပစ်ခတ်ခြင်းပြိုင်ပွဲ Tank Biathlon(Division-2) ဗိုလ်လုပွဲ ပွဲစဉ်ကို မြန်မာ၊ ကာဂျစ်စတန်၊ တောင်အော့ဆက်တီးယား၊ တာဂျစ်ကစ္စတန်နိုင်ငံတို့မှ တင့်တပ်ဖွဲ့ဝင်များက စက်တင်ဘာ ၃ ရက်တွင် ယှဉ်ပြိုင် ကြမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက)ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည်လည်း International Army Games-2021 ပြိုင်ပွဲ ပိတ်ပွဲ အခမ်းအနားသို့ တက်ရောက်ရန် ရုရှားနိုင်ငံသို့ စက်တင်ဘာ ၁ ရက်နေ့က ရုရှားနိုင်ငံသို့ ထွက်ခွာသွားခဲ့သည်။
ပုံ- ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း International Army Games-2021 ပြိုင်ပွဲ ပိတ်ပွဲတက်ရန် ရုရှားနိုင်ငံသို့သွားစဉ်
မြန်မာ့တပ်မတော် တင့်တပ်ဖွဲ့ဝင်များသည် International Army Games ပြိုင်ပွဲ၏ တင့်ကားမောင်းနှင်ပစ်ခတ် ခြင်းပြိုင်ပွဲ Tank Biathlon ကို ယခု အကြိမ် အပါအဝင် ၄ ကြိမ်မြောက် ပါဝင်ယှဉ်ပြိုင်နေခြင်းဖြစ်ပြီး နိုင်ငံတကာ စစ်ဘက် အဖွဲ့အစည်းများ၏ ပြိုင်ပွဲယှဉ်ပြိုင်မှု အတွေ့အကြုံများ၊ နည်းပညာပိုင်းဆိုင်ရာ အတွေ့အကြုံများနှင့် ချစ်ကြည်ရင်းနှီးမှုများ ရရှိအောင် စွမ်းဆောင်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဆိုထား သည်။
မြန်မာ့တပ်မတော် တင့်တပ်ဖွဲ့သည် အုပ်စုပွဲများအဖြစ် တစ်စီးချင်းမောင်းနှင်ပစ်ခတ်ခြင်းပြိုင်ပွဲ (individual Race)တွင် မာလီ၊ ကာဂျစ်စတန်နှင့် လာအိုနိုင်ငံတို့မှ တင့်တပ်ဖွဲ့ဝင်များနှင့်အတူ ယှဉ်ပြိုင်ခဲ့ပြီး သြဂုတ် ၂၂ ရက်တွင် တိုက်ယာဉ်အဖွဲ့(၁)သည် ပြိုင်ပွဲဝင် စံချိန် ၂၈ မိနစ် ၅၇ စက္ကန့်ဖြင့် ပထမ နေရာ၌လည်းကောင်း၊ သြဂုတ် ၂၅ ရက်တွင် တိုက်ယာဉ်အဖွဲ့ (၂)သည် ပြိုင်ပွဲဝင်စံချိန် ၂၆ မိနစ် ၄၇ စက္ကန့်ဖြင့် ဒုတိယ နေရာ၌ လည်းကောင်း၊ သြဂုတ် ၂၇ ရက်တွင် တိုက်ယာဉ်အဖွဲ့(၃)သည် ပြိုင်ပွဲဝင်စံချိန် ၃၀ မိနစ် ၄၅ စက္ကန့်ဖြင့် ဒုတိယ နေရာ၌ လည်းကောင်း စံချိန်များ အသီးသီး ရရှိခဲ့သည်။
ထိုပြိုင်ပွဲတွင် တိုက်ယာဉ်အဖွဲ့ ၃ ဖွဲ့ပေါင်း စံချိန် ၈၆ မိနစ် ၂၉ စက္ကန့်ဖြင့် အုပ်စု(၂) အသင်း ၈ သင်းတွင် ဒုတိယ ရရှိခဲ့သဖြင့် ကာဂျစ်စတန်၊ တာဂျစ်ကစ္စတန်၊ လာအို၊ တောင်အော့ ဆက်တီးယားနိုင်ငံတို့မှ တင့်တပ်ဖွဲ့ဝင်များနှင့် အတူ အကြိုဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန် ထားသည်။
ပုံ-International Army Games-2021 ပြိုင်ပွဲ၀င်နေသည့် မြန်မာ့တပ်မတော်တင့်တပ်ဖွဲ့(တပ်မတော်ကာကွယ်ရေးဉီးစီးချုပ်ရုံး)
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက “အကြိုဗိုလ်လုပွဲအဖြစ် လက်ဆင့်ကမ်း မောင်းနှင်ပစ်ခတ်ခြင်းပြိုင်ပွဲ (Relay Race)သည် မိုင်ကုန်မောင်းနှင်၍ စံချိန်ယူခြင်း၊ ၁၂၅ မမ အမြောက်အား ယာဉ်မောင်းလျက် ကျည် ၃ တောင့်ပစ်ခတ်ခြင်း၊ ၁၂ ဒသမ ၇ မမ လေယာဉ်ပစ် စက်သေနတ်ကျည် ၂၀ တောင့်အား ရပ်လျက်ပစ်ခတ်ခြင်း၊ ၇ ဒသမ ၆၂ မမ ယှဉ် တွဲစက်သေနတ်ကျည် ၃၀ တောင့်အား ရပ်လျက်ပစ်ခတ်ခြင်းတို့ကို ယှဉ်ပြိုင်ရမည့် ပတ်လမ်းပုံစံ ၄ ခုအနက်မှ မဲနှိုက်၍ ကျရာပတ်လမ်းတွင် ယှဉ်ပြိုင်ရခြင်းဖြစ်သည်”ဟု ဆို သည်။
အဆိုပါ အကြိုဗိုလ်လုပွဲ ပွဲစဉ် ၂ ကို ယနေ့(စက်တင်ဘာ ၁ ရက်)တွင် ယှဉ်ပြိုင်ခဲ့ပြီး မြန်မာ့တပ်မတော် တင့်တပ်ဖွဲ့ဝင်များသည် ပြိုင်ပွဲဝင်စံချိန် ၂ နာရီ ၂၈ မိနစ် ၂၀ စက္ကန့်ဖြင့် (Division-2)၏ အကြိုဗိုလ်လုပွဲ ပွဲစဉ် ၂ ၌ ပထမနေရာမှ ပန်းဝင်နိုင်ခဲ့ခြင်းဖြစ်ကာ ပစ်မှတ်ထိမှန်မှု အကောင်းဆုံးအသင်းလည်း ဖြစ်ခဲ့၍(Division-2)၏ အုပ်စု ဒုတိယနေရာမှရပ်တည်နိုင်ခဲ့ပြီး ဗိုလ်လုပွဲအဆင့်သို့ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။