CNI News
၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၁
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူးသံတမန် မစ္စတာဆွန်းကော်ရှန်သည် မြန်မာနိုင်ငံသို့ ပြီးခဲ့သည့် ရက်သတ္တတစ်ပတ်က လာရောက်ခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံကာ မြန်မာ့နိုင်ငံ ရေး အခြေအနေ အပါအဝင် ကိုဗစ်-၁၉ တိုက်ဖျက်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ နေ့စဉ် ပုံမှန် သတင်းစာ ရှင်းလင်းပွဲတစ်ခုတွင် မစ္စတာဆွန်းကော်ရှန်၏ မကြာသေးမီက မြန်မာနိုင်ငံ အလည်အပတ်ခရီးစဉ်နှင့်ပတ်သက်၍ မေးမြန်းရာ သွားရောက်ခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ မစ္စတာဝမ်းဝန်ပင်းက ဖြေကြားခဲ့သည်။
မစ္စတာဆွန်းကော်ရှန်သည် မြန်မာနိုင်ငံသို့ သြဂုတ် ၂၁ ရက်မှ ၂၈ ရက်အထိ မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ မစ္စတာဝမ်းဝန်ပင်းက သူ၏ လူမှုကွန်ယက်မှာ လည်း ရေးသားထုတ်လွှင့်ထားသည်။
ပုံ-မစ္စတာဆွန်းကော်ရှန်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တွေ့ဆုံခဲ့မှု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ မစ္စတာဝမ်းဝန်ပင်းက သူ၏ လူမှုကွန်ယက်မှာ ရေးသားထုတ်လွှင့်ထားသည်(Wang Wenbin-fb)
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ မစ္စတာဝမ်းဝန်ပင်းက “ မြန်မာနိုင်ငံခရီးစဉ်အတွင်း မြန်မာ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့နှင့်အတူ မြန်မာ နိုင်ငံ၏ နိုင်ငံရေးအခြေအနေနှင့် ကိုဗစ်-၁၉ ကပ်ရောဂါ တိုက်ဖျက်ရေးဆိုင်ရာ တရုတ်-မြန်မာ ပူးပေါင်းဆောင် ရွက်မှုတို့ကို အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့သည်”ဟု ပြောသည်။
ထို့နောက် တရုတ်နိုင်ငံဘက်က တရုတ်-မြန်မာ နှစ်နိုင်ငံသည် “ဆွေမျိုးပေါက်ဖော်” ချစ်ကြည် ရင်းနှီးမှုရှိသည့် အိမ်နီးချင်း နိုင်ငံများဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံနှင့်ပတ်သက်သော ချစ်ကြည်ရင်းနှီးမှု မူဝါဒသည် မြန်မာပြည်သူအားလုံးအပေါ် ရည်ရွယ်ကြောင်း၊ နိုင်ငံနှင့် ပြည်သူများ၏ ရေရှည်အကျိုးစီးပွားကနေပြီး မြန်မာ နိုင်ငံထဲက အုပ်စုများနှင့်အဖွဲ့အစည်းအားလုံးအနေဖြင့် ရှေ့ဆက်သွားကြရန်၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တရား ဥပဒေမူဘောင်ထဲကနေ စေ့စပ်ဆွေးနွေးပြီး သင့်လျော်မှန်ကန်သည့် အဖြေကို ရှာဖွေကြရန် မိမိတို့ မျှော်လင့် ကြောင်း ဆွေးနွေးခဲ့သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ မစ္စတာဝမ်းဝန်ပင်းက သူ၏ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသား ထုတ်လွှင့်ထားသည်။
တရုတ်အထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် အခြေအနေနှင့်ပတ်သက်ပြီး နစက သတင်းမှန် ပြန်ကြားရေးအဖွဲ့ထံ CNI က ဆက်သွယ် မေးမြန်းထားသော်လည်း တစ်စုံတစ်ရာ ဖြေကြားခြင်းမရှိပါ။
ပုံ-တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ မစ္စတာဝမ်းဝန်ပင်းကိုတွေ့ရစဉ်(Wang Wenbin-fb)
မစ္စတာဝမ်းဝန်ပင်းက အရှေ့တောင်အာရှနိုင်ငံများအသင်း(ASEAN)၏ မြန်မာနိုင်ငံဆိုင်ရာ ဘုံသဘောတူညီ ချက် ၅ ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရန် အာဆီယံနှင့်အတူ မြန်မာနိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှု ကို တရုတ်နိုင်ငံက တက်ကြွစွာ အားပေးထောက်ခံကြောင်းနှင့် မလျော်ကန်သော ပြည်ပ ဝင်ရောက်စွက်ဖက်မှု ကို ဆန့်ကျင်ကြောင်း၊ မြန်မာ နိုင်ငံတွင် ကပ်ရောဂါတိုက်ဖျက်ရေးအတွက် တရုတ်နိုင်ငံက ဆက်လက် ကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆိုသည်။
မြန်မာနိုင်ငံဘက်ကလည်း တည်ငြိမ်မှု ထိန်းသိမ်းရေး၊ ကိုဗစ်-၁၉ ကပ်ရောဂါတိုက်ဖျက်ရေး၊ စီးပွားရေး ပြန်လည် သက်ဝင်လှုပ်ရှားရေးနှင့် ပြည်သူများ၏ လူမှုဘဝ တိုးတက်ရေးအတွက် ၎င်းတို့၏ ကတိကဝတ်များအပေါ် အလေးထား ပြောကြားခဲ့ပြီး တရုတ်နိုင်ငံနှင့် အာဆီယံနှင့်အတူ အနီးကပ် ချိတ်ဆက် ဆောင်ရွက်မှုနှင့် ပူးပေါင်း ဆောင်ရွက်မှုကို မျှော် လင့်ကြောင်း ပြန်လည် ဆွေးနွေးခဲ့သည်ဟုလည်း မစ္စတာဝမ်းဝန်ပင်းက သြဂုတ် ၃၁ ရက် နေ့ သတင်းစာ ရှင်းလင်းပွဲမှာလည်း ပြောသွားခဲ့သည်။
မစ္စတာဆွန်းကော်ရှန်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံ ဆွေးနွေးမှု အခြေအနေနှင့်ပတ်သက်ပြီး တရုတ်ဘက်က ထုတ်ဖော် ပြောကြားနေသော်လည်း တပ်မတော် အပါအဝင် နစက သတင်းမှန်ပြန်ကြားရေး အဖွဲ့ဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ကြေညာထားခြင်း မရှိပေ။