၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၁

ရခိုင်ပြည်နယ်ရှိ နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုဝင်များကို ဝေဟင်အောင်ဖောင်ဒေးရှင်းမှ အိမ်ထောင်စု တစ်စုလျှင် ၅၀၀၀၀ (ငါးသောင်း) ကျပ်နှုန်းဖြင့် ထောက်ပံ့ကူညီပေးလျက်ရှိကြောင်း သိရသည်။

ရခိုင်ပြည် တစ်ပြည်နယ်လုံးတွင် လက်ရှိ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် အမှုရင်ဆိုင်နေရသူများနှင့် ထောင်တွင်း အကျဉ်းကျခံနေရသူများ၏ မိသားစုဝင်များအား ယခုကဲ့သို့ ကူညီထောက်ပံ့ခြင်း ဖြစ်သည်။

ဝေဟင်အောင်ဖောင်ဒေးရှင်းတည်ထောင်သူ စာရေးဆရာ ဝေဟင်အောင်က “အခုကာလက ကိုဗစ်ကာလဆိုတော့ လူတွေ က အပြင်လည်း ထွက်လို့မရဘူး။ သွားရေးလာရေးလည်း နည်းနည်း အခက်အခဲရှိတယ်ပေါ့နော်။ လူတိုင်း တော်တော် များများက ဒီအချိန်မှာ အကျပ်တည်း ကာလဖြစ်တယ်။ ဒါကြောင့် ဒီမိသားစုတွေက ပိုပြီးတော့ အခက်အခဲ ဖြစ်လိမ့်မယ်လို့ ကျနော်တို့က သုံးသပ်တယ်။ ဘာလို့လဲဆိုရင် အဖမ်းခံထားရတဲ့သူတွေက တကယ့်အရွယ်ကောင်းတွေ။ မိသားစုကို တစ်စုံ တစ်ရာ အလုပ်အကျွေး ပြုနေတဲ့သူတွေပါတယ်။ တချို့ဆို အိမ်ထောင်ဦးစီးတွေပါတယ်။ ဒါကြောင့် ဒီလူတွေကို ကူညီ ထောက်ပံ့ဖို့လို တယ်ဆိုပြီးတော့ ကျနော်တို့ ကူညီထောက်ပံ့ရတာြဖစ်ပါတယ်” ဟု ပြောသည်။

ထိုသို့ ကူညီထောက်ပံ့ခြင်းအား ဩဂုတ် ၂၆ ရက်နေ့မှ စတင်ခြင်းဖြစ်ပြီး ဩဂုတ် ၃၁ ရက်နေ့အထိ စာရင်းအရ ၂၂၀ ဦး စာရင်း ရထားကြောင်း ၎င်းက ဆိုသည်။ အဆိုပါ ကောက်ခံရရှိသော စာရင်းပါ လူများသည် ရခိုင်ပြည်နယ်၌ အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေဖြင့် အမှုရင်ဆိုင်နေရသူများနှင့် ထောင်တွင်း အကျဉ်းကျခံနေရသူများ ဖြစ်ကြောင်း သိရသည်။

မောင်တောမြို့နယ်၊ ငွေတောင်ကျေးရွာမှ အကြမ်းဖက်မှုဖြင့် အမှုရင်ဆိုင်နေရသူ၏ မိသားစုဝင်တစ်ဦးဖြစ်သူ ကိုလှမောင် သန်းက ကိုဗစ်ကာလ စားဝတ်နေခက်ခဲနေရာ ယခုလို ထောက်ပံ့မှုအတွက် ကျေးဇူးတင်ကြောင်းဆိုသည်။

“လက်ရှိက ကိုဗစ်နဲ့ဖြစ်တော့ စားဝတ်နေရေးတွေ အဆင်မပြေဖြစ်တယ်။ ဖြစ်တာကြောင့် အခုလို ထောက်ပံ့ပေးတဲ့ အတွက် ကျေးဇူး အရမ်းတင်တယ်။ အခုလို အခက်အခဲဖြစ်နေတဲ့ ကြားထဲကနေ တတ်နိုင်သလောက် ကူညီပံ့ပိုးပေးတဲ့ အတွက် ကျေးဇူးအရမ်းတင်တယ်လို့ပဲ ပြောချင်တယ်” ဟု ၎င်းက ဆိုသည်။

ဝေဟင်အောင်ဖောင်ဒေးရှင်းမှ ကူညီထောက်ပံ့ပေးရန် ကောက်ခံရရှိသော စာရင်းများတွင် ပါ၀◌င်ကြသည့် မိသားစု၀င် များ၏ ဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသားများမှာ ကျောက်ဖြူထောင်၊ စစ်တွေထောင်၊ မြောက်ဦးထောင်၊ သံတွဲ ထောင်နှင့် ဘူးသီးတောင်ထောင် စသည် ရခိုင်ပြည်နယ်အတွင်းရှိ ထောင်များတွင် ဖမ်းဆီးခံထားရသူများ ဖြစ်ကြောင်း သိရသည်။

စာရေးဆရာ ဝေဟင်အောင်က “၂၀၂၁ ခုနှစ် ဧပြီလကတည်းကနေပြီးတော့ အကြမ်းဖက်ဥပဒေကို ဒီအုပ်ချုပ်သူတွေဘက်က တရားဝင် ရုတ်သိမ်းထား ပြီးပြီ။ ဒါပေမယ့် ဒီလူတွေက အခုချိန်ထိ လွတ်ရမယ့်အချိန်ကို ရောက်ပြီပေါ့နော်။ ဒီနေ့အချိန်ထိ မလွတ်သေးဘူး”ဟု ဆိုသည်။

ယခုကဲ့သို့ ထောက်ပံ့ခြင်းသည် ဝေဟင်အောင်ဖောင်ဒေးရှင်းသို့ ပြည်တွင်း/ပြည်ပရောက် စေတနာရှင်များမှ ထည့်ဝင် လှူဒါန်းထားသည့် အလှူငွေများထဲမှ ထုတ်နှုတ် လှူဒါန်းနေခြင်းဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် အကြမ်းဖက်ပုဒ်မဖြင့် တရားစွဲဆိုခံထားရသူများမှာ စစ်တွေ အကျဉ်းထောင်တွင် ၆၄ ဦး၊ မြောက်ဦး အကျဉ်းထောင်တွင် ၄၇ ဦး၊ ကျောက်ဖြူ အကျဉ်းထောင်တွင် ၇၆ ဦး၊ သံတွဲအကျဉ်းထောင်တွင် ၉ ဦးနှင့် ဘူးသီးတောင် အကျဉ်းထောင်တွင် ၅ ဦး၊ စုစုပေါင်း (၂၀၁) ဦး ရှိကြောင်း သိရသည်။