ကဘူးလ်၊စက်တင်ဘာ ၁
အာဖဂန်လူမျိုးအတော်များများ၏ထက်ဝက်ခန့်သည် ပြီးခဲ့သည့်ဆယ်စုနှစ်များအတွင်း ဆဲလ်ဖုန်းများ၊ ပေါ့ပ်သီချင်းနှင့် ကျား/မကူးလူးဆက်ဆံရေးများဖြင့် အချိန်ကုန်လွန်စေခဲ့သည်။ ထိုအရသာများခံစားနေခဲ့ကြသည့် အာဖဂန်နစ္စတန်ရှိ Generation Z များသည် သူတို့ရရှိနေသော လွတ်လပ်ခွင့် ဆုံးရှုံးသွားမည်ကို ယခု စိုးရိမ် နေကြပြီဖြစ်သည်ဟု ရိုက်တာသတင်းတစ်ပုဒ်က ဆိုသည်။
အသက် ၂၁ ဖြင့် ဘွဲ့ရပြီးသူ ဆိုဆန်နာဘီက “ကျမက အစီအစဉ်ကြီးကြီးမားမား ချခဲ့တာရှင့်။ နောက် ၁၀ နှစ်အထိ ကျမကိုယ်ကျမ ဆွဲဆန့်ပြီး မြင့်မြင့်မားမား ရည်မှန်းထားတာ” ဟု ပြောသည်။
“ကျမတို့မှာ ဘဝအတွက် ရည်မှန်းချက်ကိုယ်စီရှိကြတယ်။ အပြောင်းအလဲကို မျှော်လင့်တယ်။ ဒါပေမယ့် တစ်ပတ်အတွင်း သူတို့က တိုင်းပြည်သိမ်းလိုက်ပြီး ၂၄ နာရီအတွင်း ဒီမျှော် လင့်ချက်တွေအကုန်လုံးပါ သူတို့လုယူသွားတယ်။ သဲထဲရေသွန်ဖြစ်ကုန်ပြီ” ဟု ဆိုဆန်နာဘီက ညည်းညူသည်။
အာဖဂန်နစ္စတန်တွင် လက်ကျန်အမေရိကန်တပ်များ ရုပ်သိမ်းပြီးနောက် တာလီဘန်များလက်ဝယ် ဩဂုတ် ၁၅ ရက်က ကဘူးလ်မြို့ကျဆုံးသွားသည့်အခါ တနိုင်ငံလုံး မိုးကြိုးပစ်ချလိုက်သလို ဖြစ်သွားသည်။
“ကျမတို့မှာ နောက်ထပ် ဘာတွေဖြစ်ဦးမလဲဆိုတဲ့အတွေးတွေနဲ့ မသေချာတဲ့အနာဂတ်တွေကို ရင်ဆိုင် လာရတော့တယ်။ ကျမမှာ ကံအကောင်းဆုံးလူဆိုတဲ့ခံစားချက်ရော ကံအဆိုးလူဆိုတဲ့ခံစားချက်ပါ ရောထွေးနေတော့တာပဲ” ဟု အသက် ၂၀ အရွယ် ဆော့ဂျီ(Slagy)က ရိုက်တာသို့ ပြောသည်။
အာဖဂန်နစ္စတန်လူဦးရေ၏သုံးပုံနှစ်ပုံမှာ အသက် ၂၅ အောက်ဖြစ်ကြပြီး အဆိုပါလူငယ်များသည် တာလီဘန်များကို ကောင်းစွာ မှတ်မိသည်တော့မဟုတ်။
၁၉၉၆ ခုနှစ်မှ ၂၀၀၁ ခုနှစ် အနောက်အုပ်စု ကျောထောက်နောက်ခံပြုပေးသော ပြည်သူ့စစ်များက ဖြုတ်ချသည့်အချိန်အထိ တာလီဘန်များ သည်မြေသည်ရေကို အုပ်ချုပ်ခဲ့ကြောင်း သူတို့ ကောင်းကောင်း သိမီလိုက်ခြင်းမရှိပေ။
တာလီဘန်များ အုပ်စိုးစဉ်က အစ္စလာမ်ဥပဒေကို တင်းကျပ်စွာ အဓိပ္ပါယ်ဖွင့်ဆိုပြီး မိန်းကလေးများ ကျောင်း မတက်စေခြင်း၊ အမျိုးသမီးများကို လုပ်ငန်းခွင်မှ ထုတ်ပယ်ခြင်းနှင့် အများပြည်သူရှေ့ ကွပ်မျက်ခြင်းတို့ကို လုပ်ဆောင်ခဲ့ကြသည်။ ၂၀၀၁ ခုနှစ်မှစ၍ တာလီဘန်စစ်သွေးကြွများ သူပုန်ထခဲ့ရာ အာဖဂန်လူမျိုး သောင်းနှင့်ချီ သေကြေခဲ့ရသည်။
တာလီဘန်တို့ ယခုတဖန် အာဏာပြန်ယူချိန်တွင် ကျောင်းသားများ ပညာရေးအနှောင့်အယှက်မဖြစ်စေရကြောင်း၊ အမျိုးသမီးများအခွင့်အရေးကို လေးစားပါကြောင်းနှင့် ထူးချွန်ထက်မြက်သော ပညာရှင်များ နိုင်ငံအတွင်းမှ မထွက်ခွာစေလိုကြောင်း လေသံပြောင်းလာသည်။
တာလီဘန်ပြောရေးဆိုခွင့်ရှိသူဘက်ကတော့ ယခုရိုက်တာသတင်းဆောင်းပါးရေးသားဖို့အတွက် မေးမြန်းခြင်းကို ချက်ချင်းတုံ့ပြန်ဖြေကြားခဲ့ခြင်း မရှိပေ။