ဘေဂျင်း၊ ဩဂုတ် ၃၁

တရုတ်နိုင်ငံကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်ကို တယ်လီဖုန်းခေါ်ဆို၍ နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် တာလီဘန်အစိုးရသစ်နှင့် ထိတွေ့ ဆက်ဆံပြီး ၎င်းတို့အပေါ် အပြုသဘောနှင့်လမ်းညွှန်သင့်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်ဟု တရုတ်နိုင်ငံ ခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ဝါရှင်တန်အနေဖြင့် အာဖဂန်နစ္စတန်သို့ စီးပွားရေးနှင့်လူသားချင်းစာနာထောက်ထားမှုပေးအပ်ရန် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် လက်တွဲလုပ်ဆောင်သင့်ကြောင်း၊ တာလီဘန်များကို အစိုးရတစ်ရပ် ပုံမှန်လည်ပတ်နိုင်ရန် ကူညီသင့်ကြောင်း၊ လူမှုရေး တည်ငြိမ်မှုနှင့် အာဖဂန်ငွေ တန်ဖိုးကျဆင်း၍ လူနေမှု စားရိတ်မြင့်တက်နေခြင်းကို ရပ်တန့်ပေးသင့်ကြောင်း ဝမ်ယိက ဘလင်ကင်ကို ဩဂုတ် ၂၉ ရက်နေ့က တယ်လီဖုန်းလိုင်းပေါ်မှ ပြောကြား ခဲ့ သည်။

အာဖဂန်နစ္စတန် အချုပ်အခြာအာဏာကို လေးစားရမည့်အချိန်တွင် အမေရိကန်သည် အာဖဂန်မြေပေါ် အကြမ်းဖက်မှု တိုက်ဖျက်ရေးအတွက် ကူညီရန် ခိုင်မာစွာ လုပ်ဆောင်သင့်ကြောင်း၊ ယခုကဲ့သို့ အလျင်အမြန် ဆုတ်ခွာနေခြင်းသည် အကြမ်းဖက်အဖွဲ့များကို ခွင့်ပြုသလိုဖြစ်နေကြောင်း ဝမ်ယိက သတိပေးခဲ့သည်။
ယခုဖုန်းခေါ်ဆိုမှုသည် ဝါရှင်တန်ဘက်မှ ကမ်းလှမ်းလာသဖြင့် တရုတ်က လက်ခံခေါ်ဆိုခြင်းဖြစ်ကြောင်း တရုတ် အစိုးရပိုင် ရုပ်သံလိုင်းမှ သတင်းထုတ်လွှင့်ခဲ့သည်။

အာဖဂန်နစ္စတန်နိုင်ငံသားများနှင့် နိုင်ငံခြားသားများအတွက် လုံခြုံစိတ်ချရသော ဖြတ်သန်းခွင့်နှင့် လွတ်လပ်စွာ ကူးသန်းသွားလာခွင့်တို့အပေါ် တိကျသည့် ကတိကဝတ်များကို တာလီဘန်များဘက်မှ တာဝန်ယူရန်အတွက် နိုင်ငံတကာ အသိုင်းအဝိုင်း၏ အလေးပေးမှု အရေးကြီးပုံကို ဝမ်ယိနှင့်ဘလင်ကင်တို့ ဆွေးနွေးခဲ့ကြကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ နက်ပရင့်က ကြေညာချက်တစ်စောင်တွင် ပြောကြားခဲ့သည်။

အမေရိကန် ထိပ်တန်းနိုင်ငံရေးသမားများနှင့်စစ်ဘက်ခေါင်းဆောင်များက အာဖဂန်မတည်မငြိမ်ဖြစ်မှု မတိုင်ခင် ရက်သတ္တနှစ်ပတ်အလိုတွင် အာဖဂန်မှ အမေရိကန်တပ်များ ဆုတ်ခွာခြင်းကိစ္စနှင့် ကျန်ခဲ့သည့် စစ်လက်နက် ပစ္စည်းများအပေါ် စောဒကတက်ခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် တရုတ်နိုင်ငံကလည်း အာဖဂန်မှ အမေရိကန် တပ်များ ဆုတ်ခွာသည့်အခါမှာ ကျန်ရစ်ခဲ့သည့် စစ်လက်နက်ပစ္စည်းများ တခြားသောသူများထံ ရောက်ရှိကာ စစ်ပွဲများ ကျယ်ပြန့်လာမည်ကို စိုးရိမ်နေသည်။

ဘိုင်ဒန်အစိုးရကတော့ အင်ဒို-ပစိဖိတ်ဒေသ၌ တရုတ်နှင့်ရင်ဆိုင်နေရသော စိန်ခေါ်မှုကို အာရုံစိုက်ရန် ၎င်း၏ နိုင်ငံခြားရေးမူဝါဒကို မကြာမီက ဦးစားပေး ကြေညာခဲ့သည်။

သို့သော် တရုတ်အစိုးရပိုင်မီဒီယာများက မဟာမိတ်များအတွက် အမေရိကန်ပံ့ပိုးမှုယိုယွင်းနေကြောင်း ပုံဖော်သတင်းတင်ဆက်လေ့ရှိပြီး ဖရိုဖရဲဆုတ်ခွာနေမှုများကို ဆန့်ကျင်ကြောင်း ဖော်ပြနေခဲ့သည်။