ဗီယင်နာ/ဆိုးလ် စက်တင်ဘာ ၁

မြောက်ကိုရီးယားသည် နျူကလီးယားလက်နက်အတွက် ပလူတိုနီယံ ထုတ်လုပ်နေသည်ဟု ယုံကြည်ရသော အဏုမြူဓါတ် ပေါင်းဖိုတစ်လုံး သက်တမ်းတိုး၍ ပြန်လည် လည်ပတ်နေပုံရကြောင်း ကုလသမဂ္ဂ အဏုမြူ စောင့်ကြည့်ရေးအဖွဲ့၏ နှစ်စဉ်ထုတ်ပြန်သော အစီရင်ခံတွင် ဖော်ပြလိုက်ပြီး အထီးကျန် နိုင်ငံတစ်နိုင်ငံအနေဖြင့် ၎င်းအတွက် လက်နက်တိုးချဲ့ရန် ကြိုးပမ်းနေကြောင်း ယင်းအစီရင်ခံက ဆိုထားသည်။

၅ မဂ္ဂါဝပ်အားရှိ အဆိုပါ ဓါတ်ပေါင်းဖိုတွင် လက်နက်များ ထုတ်လုပ်နိုင်စွမ်းရှိကြောင်း နိုင်ငံတကာ အဏုမြူ စွမ်းအင်အေဂျင်စီ (IAEA)က ဩဂုတ် ၂၇ ရက် ရက်စွဲဖြင့် ထုတ်ပြန်သော အစီရင်ခံစာ၌ ထည့်သွင်းရေးသားထားကြောင်း ရိုက်တာသတင်း တစ်ပုဒ်၌ တွေ့ရသည်။

“ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ အစောပိုင်းမှစ၍ ဓါတ်ပေါင်းဖိုမှ ရေအေးထုတ်လွှတ်မှုအပါအဝင် လည်ပတ်နေသည့် လုပ်ဆောင်ချက် အလားအလာများ တွေ့ရှိရကြောင်း” IAEA ၏ အစီရင်ခံစာက ဆိုထားပြီး မြောက်ကိုရီးယား နျူကလီးယား အစီအစဉ်၏ ဗဟိုချက်ဖြစ်သော ယောင်ဗြွန်းမြို့အနီးရှိ ဓါတ်ပေါင်းဖိုအကြောင်း အစီရင်ခံစာထဲ၌ အလေးပေး ဖော်ပြထားသည်။

မြောက်ကိုရီးယားတို့ စမ်းသပ်နေသော ပလူတိုနီယံများသည် ပိုမို အနုစိတ်သေးငယ်သော နျူကလီးယား လက်နက် ထုတ်လုပ်ရန် အထောက်အကူဖြစ်နိုင်ကြောင်း သိပ္ပံနှင့်နိုင်ငံတကာလုံခြုံရေး အင်စတီကျုဥက္ကဋ္ဌ ဒေးဗစ်အဲလ်ဘရိုက်က ပြောသည်။

“အဓိကတွေ့ရှိချက်ကတော့ မြောက်ကိုရီးယားက သူ့ရဲ့ နျူကလီးယားလက်နက်အရေအတွက် အရည်အသွေးကို တိုးတက် စေချင်တဲ့သဘောပါပဲ”ဟု ၎င်းက ဆက်ပြောသည်။

မြောက်ကိုရီးယား၏ နျူကလီးယား လက်နက်များနှင့်ပတ်သက်ပြီး ထောက်လှမ်းရေး အကန့်အသတ်ရှိနေ၍ အရေအတွက် ကို မသိရကြောင်း၊ တစ်နှစ်လျှင် နျူကလီးယားဗုံး ၄ လုံးမှ ၆ လုံးအထိ ထုတ်လုပ်နိုင်သော စွမ်းရည်ရှိနေကြောင်း ဒေးဗစ် အောဘရိုက်က ခန့်မှန်းသည်။

အဆိုပါ IAEA အစီရင်ခံစာသည် တွေ့ဆုံဆွေးနွေးရေးနှင့် သံတမန်ရေးအတွက် အရေးတကြီး လိုအပ်နေပြီဟု ထောက်ပြလိုက် ကြောင်း အမေရိကန်သမ္မတ အိမ်ဖြူတော်က ဩဂုတ် ၃၀ ရက်တွင် ပြောခဲ့သည်။

အမေရိကန်အနေဖြင့် မြောက်ကိုရီးယားနှင့် ဆက်လက်ဆွေးနွေးရန်ရှိကြောင်း အိမ်ဖြူတော် သတင်းပြန်ကြားရေးဌာန အတွင်းရေးမှူး ဂျန်ဆာကီ (Jen Psaki) က ပြောသည်။

ပြုံယမ်းသည် ၂၀၀၉ ခုနှစ်က နျူးကလီးယား စစ်ဆေးရေး အရာရှိများကို နှင်ထုတ်ခဲ့ပြီးနောက်ပိုင်း IAEA အနေဖြင့် မြောက်ကိုရီးယားသို့ ပြည်ဝင်ခွင့် မရတော့ပေ။ ယင်းနောက်ပိုင်း မြောက်ကိုရီးယားသည် ၎င်းနျူးကလီးယား အစီအစဉ်ကို ဆက်လုပ်နေခဲ့ပြီး အဏုမြူစမ်းသပ်မှုများ ပြန်လည်စတင်ခဲ့သည်။ ၎င်း၏နောက်ဆုံး စမ်းသပ်မှုမှာ ၂၀၁၇ ခုနှစ်တွင် ဖြစ်သည်။

ယခုအခါ IAEA သည် မြောက်ကိုရီးယား၏ ခြေလှမ်းများကို အဝေးမှ စောင့်ကြည့်နေကြောင်း ရိုက်တာသတင်းတွင် ရေးသား ဖော်ပြထားသည်။