၂၀၂၁ခုနှစ်၊ သြဂုတ် ၃၁ရက်

ခမရ (၃၇၃) တပ်ရင်း စစ်ဆေးရေးဂိတ်မှ ဖြတ်သန်းခွင့်မပြုဘဲ တားဆီးထားသော စားနပ်ရိက္ခာထောက်ပံ့ရန်သွားသည့် မေတ္တာရှင်ပရဟိတအဖွဲ့သည် မြို့နယ်အုပ်ချုပ်ရေးမှူးထံမှ ခွင့်ပြုချက်မရသဖြင့် ရိက္ခာထောက်ပံ့ခြင်းကို ရက်အကန့်အသတ်မရှိ ရပ်နားလိုက်ရကြောင်း သိရသည်။

ထိုသို့ ခွင့်ပြုချက်မရသည့်အတွက် ချင်းတိုင်းရင်းသားများ အများစုနေထိုင်သည့် ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ ဒါးလက်ချောင်းအုပ်စုမှ အိမ်ထောင်စု ၂၀၀ ကျော်အား ထောက်ပံ့ရန် ယူဆောင်လာသည့် ဆန်၊ ဆား၊ ငါးပိ၊ ဟင်းချိုမှုန့်တို့အား အမ်းမြို့နယ်တွင် ရောင်းချခဲ့ပြီး မေတ္တာရှင်ပရဟိတအသင်းမှာ ထိုနေရာမှ လှည့်ပြန်ခဲ့ကြကြောင်း မေတ္တာရှင်ပရဟိအဖွဲ့၏ ဥက္ကဋ္ဌ ဦးစိုးဝင်းက ပြောသည်။

မေတ္တာရှင်ပရဟိအဖွဲ့၏ ဥက္ကဋ္ဌ ဦးစိုးဝင်းက “လူချင်းလည်းတွေ့ပြီးပြီ ဘာမှမပြောဘူး။ လူချင်းတွေ့တယ်။ စစ်တပ်ကပြောတယ်။ နယ်လုံဝန်ကြီး လက်မှတ်ကို သွားယူလိုက်ပါလို့ပြောတယ်။ ပြီးတော့ စစ်တပ်ကကျတော့လည်း မြို့နယ်အုပ်ချုပ်ရေးမှူး ခွင့်ပြုချက်ရရင် သွားလို့ရတယ်။ အဲလိုပဲ ဘော်လီဘော ပုတ်နေတာ” ဟု ဆိုသည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်၍ အမ်းမြို့နယ် အုပ်ချုပ်ရေးမှူးထံသို့ CNI သတင်းဌာနမှ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာတွင် ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။

မေတ္တာရှင်ပရဟိတအဖွဲ့သည် ဒါးလက်ချောင်းအုပ်စုမှ ဒေသခံများ ကိုဗစ်ကာလ၌ စားဝတ်နေရေးမပြေလည်သည့်အတွက် အခက်အခဲဖြစ်နေကြောင်း အကူအညီလှမ်းတောင်းသည့်အတွက် ယခုကဲ့သို့ ရိက္ခာကူညီထောက်ပံ့ရန် လာခြင်းဖြစ်သည်။

သြဂုတ် ၂၇ရက်နေ့က ဒါးလက်ချောင်းအုပ်စုသို့ စားနပ်ရိက္ခာကူညီထောက်ပံ့ရန် သွားစဉ် စစ်တွေ-ရန်ကုန်ကားလမ်းဘေးတွင်ရှိသည့် ခမရ (၃၇၃) တပ်ရင်း စစ်ဆေးရေးဂိတ်တွင် ဖြတ်သန်းသွားလာခွင့် တားမြစ်ခံရပြီး ထိုစစ်ဆေးရေးဂိတ်မှ တာဝန်ရှိသူတစ်ဦးက မြို့နယ်အုပ်ချုပ်ရေးမှူး (သို့မဟုတ်) နယ်လုံဝန်ကြီး၏ ခွင့်ပြုချက်ပါမှသာ သွားခွင့်ရမည်ဟုပြောဆိုခဲ့ကြောင်း သိရသည်။

ထို့ကြောင့် သြဂုတ်လ ၂၈ရက် တွင် မေတ္တာရှင်ပရဟိတအဖွဲ့သည် အမ်းမြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်စာတင်ခဲ့ပြီး ခွင့်ပြုချက်တောင်းခဲ့သော်လည်း ခွင့်မပြုသည့်အတွက် ယခုကဲ့သို့ ရိက္ခာကူညီထောက်ပံ့မည့် အစီအစဉ်အား ရပ်နားလိုက်ခြင်းဖြစ်သည်။

မေတ္တာရှင်ပရဟိအဖွဲ့၏ ဥက္ကဋ္ဌ ဦးစိုးဝင်းက “ကျနော်တို့က လူမှုပရဟိတအဖွဲ့အစည်းတွေကို လူသားချင်းစာနာပြီး ထောက်ပံ့ပေးနေတဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေကို သွားခွင့်လာခွင့်ကန့်သတ်ထားတဲ့အပေါ်မှာတော့ ကျနော်တို့အနေနဲ့ တော်တော်လေးကို စိတ်မကောင်းဘူးလို့ ပြောချင်တယ်” ဟု ပြောသည်။