ဂျေရုဆလင်၊ဩဂုတ် ၃၁
ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းရှိ သိမ်းပိုက်ထားသောနယ်မြေများ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအစိုးရသို့ ဒေါ်လာသန်း ၁၅၀ ချေး ငွေပေးမည့် အစီအစဉ် အပါအဝင် ပါလက်စတိုင်းအာဏာပိုင်များ အားကောင်းစေရေး အလေးပေး ဆက်ဆံနေမှုကို အစ္စရေး ကာကွယ်ရေးဝန်ကြီးက ဆက်တိုက်ပြုလုပ်နေခဲ့ကြောင်း အယ်လ်ဂျာဇီးယားသတင်းဌာနက ရေးသားဖော်ပြသည်။
အစ္စရေးကာကွယ်ရေးဝန်ကြီး ဘန်နီဂျန့်ဇ်နှင့် ပါလက်စတိုင်းသမ္မတ မာမွတ်အေဘတ်တို့ နှစ်နှစ်အတွင်း ပထမဆုံး တွေ့ဆုံခဲ့ ကြပြီးနောက် တစ်ရက်အကြာတွင် ယင်းသို့ ချေးငွေအစီအစဉ် ကြေညာချက် ပေါ်ထွက်လာခြင်းဖြစ်သည်။
“ကာကွယ်ရေးဝန်ကြီး ဘန်နီဂျန့်ဇ်သည် ပါလက်စတိုင်းအာဏာပိုင် ဥက္ကဋ္ဌနှင့် သမ္မတဖြစ်သူ မာမွတ်အေဘတ်နှင့် ဩဂုတ် ၂၉ ရက် ညနေပိုင်းက တွေ့ဆုံခဲ့ပြီး လုံခြုံရေးမူဝါဒ၊ အရပ်ဘက်ရေးရာများနှင့် စီးပွားရေးကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း” အစ္စရေး ကာကွယ်ရေးဝန်ကြီးဌာန၏ ကြေညာချက်တွင် ဖော်ပြထားသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ပါလက်စတိုင်း နယ်မြေများရှိ အရပ်ဘက်ရေးရာတာဝန်ရှိသူ အစ္စရေးစစ်တပ်ဌာနခွဲ အကြီးအကဲ ဂါဆန်အယ်ယန်၊ PA အကြီးတန်းအရာရှိ ဟူစိန်အယ်ရှိက်ခ်နှင့် ပါလက်စတိုင်း ထောက်လှမ်းရေး ခေါင်းဆောင် မာဂျစ်ဖာရက်ဂျ်တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
မကြာသေးမီ နှစ်များအတွင်းမှာ မာမွတ်အေဘတ်နှင့် အစ္စရေးထိပ်ပိုင်းခေါင်းဆောင်များအကြား ဆက်ဆံရေး လုံးဝနီးပါး ပြတ်တောက်သွားပြီးနောက် အစ္စရေးတို့ဘက်က တဖြည်းဖြည်း ဆက်ဆံရေးအသွင်သဏ္ဌာန် ပြောင်းလဲလာခဲ့သည်။
“ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ အားကောင်းလေလေ၊ ဟားမတ်စ်အဖွဲ့ အားနည်းလေလေ ဖြစ်လိမ့်မယ်။ ပါလက်စတိုင်း အုပ်ချုပ်နိုင်စွမ်းတိုးပြီး လုံခြုံရေးပိုရှိလာမယ်ဆိုရင် ကျနော်တို့ဘက်က ကိုင်တွယ်ရမှု လျော့ကျသွားပါလိမ့်မယ်” ဟု အစ္စရေး ကာကွယ်ရေးဝန်ကြီး ဘန်နီဂျန့်ဇ်က ဩဂုတ် ၃၀ ရက်တွင် စစ်သတင်းထောက်များကို ပြောခဲ့သည်။
အစ္စရေးအစိုးရသစ်သည် ဂါဇာကို အုပ်ချုပ်နေသည့် ဟားမတ်စ်အဖွဲ့ကို ဆန့်ကျင်သော်လည်း မာမွတ်အေဘတ် အုပ်ချုပ်ရေး ကိုမူ အားဖြည့်ပေးလိုသည်။
အစ္စရေးသည် ပါလက်စတိုင်း စီးပွားရေး အားကောင်းစေရန် နည်းလမ်းသစ်များကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဘန်နီဂျန့်ဇ်က မာမွတ်အေဘတ်ကို ပြောခဲ့သည်ဟု အစ္စရေးကာကွယ်ရေးဝန်ကြီးရုံးက သတင်းထုတ်ပြန်သည်။
၎င်းတို့နှစ်ဦးသည် လုံခြုံရေးကိစ္စများ ဆွေးနွေးခဲ့ကြပြီး အဆက်အသွယ် မပြတ်ကြဖို့ သဘောတူခဲ့ကြကြောင်း၊ ၂၀၁၄ ခုနှစ် နောက်ပိုင်း ယခုတွေ့ဆုံမှုသည် အစ္စရေးနှင့်ပါလက်စတိုင်းတို့အကြား အဆင့်မြင့်ဆုံး ထိပ်သီးတွေ့ဆုံမှုဟု ယုံကြည်ရကြောင်း အယ်လ်ဂျာဇီးယားသတင်းဌာနက ဆက်လက်ရေးသားဖော်ပြသည်။
၂၀၁၄ ခုနှစ်က ဂျေရုဆလင်မြို့မှာ တပ်စွဲထားသည့် အစ္စရေးတပ်ဖွဲ့၀င်များကို ဖယ်ခိုင်းရာ ဖယ်မပေးသည့်အတွက် ဟားမတ်စ်အဖွဲ့က ပထမဆုံး ဒုံးကျည်နှင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အစ္စရေးကလည်း လေကြောင်းအပါအ၀င် ပြင်းပြင်း ထန်ထန် ပြန်လည်တိုက်ခိုက်ခဲ့ရာ ၂၀၂၁ ခုနှစ်၊ မေလအထိ မဖြေရှင်းနိုင်ဘဲ ဖြစ်ခဲ့ကြသည်။
အစ္စရေးနှင့် ပါလက်စတိုင်းသည် စစ်ပွဲများဖြင့်သာ အချိန်ကုန်ဆုံးနေခဲ့ပြီး နှစ်နိုင်ငံကြား စစ်ရေးပဋိပက္ခများ မကြာခဏ ဖြစ်နေကြရာ တည်ငြိမ်ရေးကို မတည်ဆောက်နိုင်ခဲ့သည်မှာ ၁၉၄၇ ခုနှစ်ကနေ ယနေ့တိုင်ဖြစ်သည်။ အစ္စရေးနှင့် ပါလက်စ တိုင်းဒေသသည် တစ်ချိန်က အော်တိုမန်အင်ပါယာ လက်အောက်မှာရှိခဲ့ကြပြီး ဒုတိယကမ္ဘာစစ်ကြီးတွင် ဗြိတိန်နိုင်ငံ၏ လက်အောက်မှာ တည်ရှိခဲ့ကာ အာရပ်နှင့် ဂျူးလူမျိုးများ နေထိုင်ခဲ့ကြသည်။
ထို့နောက် လူမျိုးသုန်း သတ်ဖြတ်ခံရမှုကနေ လွတ်မြောက်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည့် ဂျူးလူမျိုးများသည် တဖြေးဖြေးနှင့် ယခု အစ္စရေးနှင့်ပါလက်စတိုင်းဒေသသို့ ရောက်ရှိလာခဲ့ကြပြီးနောက် ဂျူးနိုင်ငံထူထောင်ရေး ကြိုးပမ်းရာမှာ ပါလက်စတိုင်းရှိ အာရပ်လူမျိုးများဖြင့် စစ်ပွဲများဖြစ်ပွားလာခဲ့ကြသည်။
၁၉၄၇ ခုနှစ်တွင် ကုလသမဂ္ဂက ပါလက်စတိုင်း ဒေသကို ပါလက်စတိုင်းနှင့် အစ္စရေးနှစ်နိုင်ငံအဖြစ် ခွဲခြားသတ်မှတ်ပြီး ဂျေရုစလင်မြို့ကို နိုင်ငံတကာမြို့အဖြစ် သတ်မှတ်ခဲ့ရာ ၁၉၄၈ ခုနှစ်မှာတော့ အစ္စရေးက လွတ်လပ်သည့် နိုင်ငံအဖြစ် ကြေညာခဲ့သည့်အတွက် ပါလက်စတိုင်းနှင့် စစ်ဖြစ်ခဲ့ကြသည်။
၁၉၆၇ ခုနှစ် အာရပ်-အစ္စရေး စစ်ပွဲမှာတော့ အစ္စရေးသည် အရှေ့ဂျေရုဆလင်၊အနောက်ဘက်ကမ်းခြေဒေသ၊ ဂါဇာတို့ကို သိမ်းပိုက်လိုက်သည့်အပြင် ဆီးရီးယားပိုင် ဂိုလန်းကုန်းမြင့်ဒေသနှင့် အီဂျစ်ပိုင် ဆိုင်နိုင်းကျွန်းဆွယ်ကိုပါ သိမ်းယူလိုက်သည်။
အဆိုပါ သမိုင်းကြောင်း နောက်ခံများဖြင့် ဖြစ်တည်ခဲ့သော ပါလက်စတိုင်းနှင့် အစ္စရေးနှစ်နိုင်ငံသည် ယခုလို သမိုင်းဝင် ထိပ်သီး ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးခြင်းကာ အားလုံးအတွက် ထူးခြားနေပါသည်။