ကဘူးလ်၊ဩဂုတ် ၃၁

ပဋိပက္ခများဖုံးလွှမ်းနေသော တိုင်းပြည်ကို ပြန်လည်ထူထောင်ရန် ဒေါ်လာဘီလီယံပေါင်းများစွာ အကုန်ကျခံ ကြိုးစားခဲ့သော အမေရိကန်သည် အာဖဂန်နစ္စတန်နိုင်ငံမှ ၎င်း၏တပ်များကို နှစ်ပေါင်း ၂၀ ကြာ ရက်စက် ကြမ်းကြုတ်သောစစ်ပွဲများ ဆက်တိုက်ဆင်နွှဲစေပြီးနောက် ယနေ့ဩဂုတ် ၃၁ ရက်တွင် အပြီးသတ်ဆုတ်ခွာခဲ့ပြီ ဖြစ်ကြောင်း အေအက်ဖ်ပီသတင်းကို ကိုးကား၍ Channel News Asia ဝက်ဘ်ဆိုက်က ရေးသားဖော်ပြသည်။

ဩဂုတ် ၃၁ ရက် နံနက်အစောပိုင်းတွင် ကဘူးလ်မြို့ပေါ်တွင် အောင်ပွဲခံအထိမ်းအမှတ်သေနတ်ဖောက်သံများ ဆူညံစွာထွက်ပေါ်လာခဲ့ပြီး တာလီဘန်အကြီးတန်းအရာရှိများက ယနေ့ဖြစ်စဉ်ကို အရေးပါသောအပြောင်းအလဲဟု ချီးကျူးထောပနာပြုနေကြသည်။

အမေရိကန်ဦးဆောင် စစ်ရေးကြိုးပမ်မှုတွင် ပါဝင်ခဲ့ရသည့် သောင်းနှင့်ချီသော အမေရိကန်လူမျိုးများနှင့် အာဖဂန် လူမျိုးများကို ကယ်ထုတ်ရန် ကျားကုတ်ကျားခဲ အားထုတ်ခဲ့ရသော စေလွှတ်တာဝန်ပေးချက်(မစ်ရှင်)အရ ဩဂုတ် ၃၁ ရက် နောက်ဆုံးထား၍ ဆုတ်ခွာခဲ့သော်လည်း ပြီးခဲ့သည့်ရက်သတ္တပတ်က အသေခံ ဗုံးခွဲတိုက်ခိုက်မှုကြောင့် အမေရိကန်တပ်ဖွဲ့ဝင် ၁၃ ဦးနှင့် အာဖဂန်လူမျိုးအချို့ သေဆုံးခဲ့ရသည်။

အစ္စလာမ္မစ်နိုင်ငံတော်(အိုင်အက်စ်)တို့က ယင်းအသေခံဗုံးခွဲမှုကို ၎င်းတို့လက်ချက်ဖြစ်ကြောင်း ထုတ်ဖော်ဝန်ခံခဲ့ပြီး ကဘူးလ်မှ အမေရိကန်ဦးဆောင်သော နိုင်ငံတကာအဖွဲ့များတင်ဆောင်သွားသည့် လေယာဉ်များ အမြန်ဆုံး ပျံသန်းထွက်ခွာအောင် တွန်းအားပေးခဲ့သည်။တစ်ချိန်တည်းမှာပင် တာလီဘန်များ အစိုးရတစ်ရပ်အနေဖြင့် လက်တွေ့အုပ်ချုပ်ကြည့်သည့်အခါ ရှေ့ဆက်ရင်ဆိုင်သွားရမည့်အခက်အခဲများလည်း ပေါ်ပေါက်လာခဲ့သည်။

အမေရိကန်၏ ကာလအရှည်ဆုံးစစ်ပွဲကို အဆုံးသတ်ရန် သမ္မတဂျိုးဘိုင်ဒန်က ဩဂုတ်လ ၃၁ ရက် နောက်ဆုံးထား ဆုတ်ခွာရန် သတ်မှတ်ပေးခဲ့သည်။ ယခုအထိ သမ္မတအမိန့်ကြောင့် အာဖဂန်မြေပေါ်တွင် သေဆုံးခဲ့သူ အမေရိကန်စစ်မှုထမ်းပေါင်း ၂၄၀၀ ကျော်ရှိပြီဖြစ်သည်။

“ကျနော်တို့ အာဖဂန်နစ္စတန်ကနေ ဆုတ်ခွာတဲ့အကြောင်းနဲ့ အမေရိကန်နိုင်ငံသားတွေကို အဲဒီကနေ ကယ်ထုတ်ဖို့ စေလွှတ်တဲ့တာဝန်(မစ်ရှင်)ပြီးဆုံးကြောင်း ကြေညာဖို့ ကျနော် ဒီနေ့ဒီနေရာကို ရောက်ရှိလာတာဖြစ်ပါတယ်” ဟု အမေရိကန်စစ်ဗိုလ်ချုပ်ကြီး ကန်နစ်မက်ကန်ဇီး (Kenneth McKenzie) က ဝါရှင်တန်မြို့တော်တွင် ဩဂုတ် ၃၀ ရက်၌ သတင်းထောက်များကို ပြောကြားခဲ့သည်။

“ဒီည ဆုတ်ခွာမှုဟာ ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နောက်ပိုင်း အာဖဂန်နစ္စတန်မှာ စတင်တဲ့ နှစ် ၂၀ ကြာ စစ်မစ်ရှင်ရဲ့အဆုံးသတ်ပဲ ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

အမေရိကန်၏ နောက်ဆုံးလေယာဉ်ခရီးစဉ်သည် ကဘူးလ်မြို့တော်မှ ဩဂုတ် ၃၀ ရက်၊ တနင်္လာနေ့ ဂရင်းနစ် စံတော်ချိန် ည ၇ နာရီ ၂၉ မိနစ်တွင် စတင်ပျံသန်းထွက်ခွာခဲ့သည်။ ယင်းနောက် ဩဂုတ် ၃၁ ရက်တွင် သမ္မတ ဘိုင်ဒန်က တိုင်းပြည်သို့ မိန့်ခွန်းတစ်ရပ် ပြောကြားရန်ရှိနေသည်။

“အာဖဂန်နစ္စတန်သည် အမေရိကန်ဆုတ်ခွာပြီဖြစ်၍ အပြည့်အဝလွတ်မြောက်သွားပြီဖြစ်ကြောင်း၊ တာလီဘန် အကြီးတန်းအရာရှိ အေနက်ဟက်ကာနီအနေဖြင့် ယခုကဲ့သို့ သမိုင်းဝင်အချိန်များကို ဂုဏ်ယူမိသည်ဟု ကြုံးဝါးခဲ့ကြောင်း” တာလီဘန်ပြောခွင့်ရသူ ဇာဘီဟာလာမူဂျာဟစ်က ပြောကြားခဲ့သည်။

ကဘူးလ်မြို့တော်ထဲ ရောက်ရှိနေသည့် အေအက်ဖ်ပီသတင်းထောက်များက “တာလီဘန်စစ်ဆေးရေး ဂိတ်အသီးသီးမှ သေနတ်ဖောက်သံများ ကြားနေရကြောင်း၊ အစိမ်းရောင်ဇုန်၌ လုံခြုံရေးတာဝန်ရှိသူများက ဩဘာပေးနေသံများလည်း ထွက်ပေါ်နေကြောင်း” သတင်းပေးပို့ထားသည်။