၂၀၂၁ခုနှစ်၊ သြဂုတ် ၃၀

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့တွင် သြဂုတ် ၂၈ ရက်က တပ်မတော်နှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA)တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကိုးကန့်သတင်းတွင် ဖော်ပြထားပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ (နစက) သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့ မှလည်း အတည်ပြုသည်။

အဆိုပါ တိုက်ပွဲမှာ မုံးကိုးမြို့ အရှေ့တောင်ဘက်တွင် နေ့လည် ၁၂ နာရီမှ ညနေ ၄ နာရီခန့်အထိ တိုက်ပွဲဖြစ်ပွား ခဲ့ပြီး တပ်မတော်ဘက်မှ အနည်းဆုံး ၅ ဦး သေဆုံးခဲ့ကာ ၂၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ MNDAA ဘက် က ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း၊ စစ်သုံးပစ္စည်းတစ်ချို့ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ကိုးကန့်သတင်းတွင် ဖော် ပြထားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက) သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့က အဆိုပါဖြစ်စဉ်တွင် ၎င်းတို့ ဘက်မှ အရာရှိငယ်တစ်ဦးနှင့် စစ်သည်အချို့ ကျဆုံးပြီး လက်နက်ခဲယမ်းအချို့ ပျောက်ဆုံးခဲ့တယ်ဟု ဆိုသည်။

နစက သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့က “မီဒီယာ အချို့မှလည်း ယခုဖြစ်စဉ်တွင် တပ်ရင်းမှူးနှင့် စစ်သည် အများအပြား ကျဆုံးခဲ့သည်ဟု မဟုတ်မမှန်ဝါဒ ဖြန့် ရေးသားဖြန့်ချိနေသည်" ဟု ဆိုသည်။

MNDAA မှ တပ်မတော်ကို ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တပ်မတော်၏ အဆက်မပြတ် ထိုးစစ်ဆင်မှုကြောင့် မုံးကိုးဒေသမှာ တိုက်ပွဲ ဆက်လက်ပြင်းထန်နိုင်တဲ့ အခြေအနေရှိနေကြောင်း ကိုးကန့်သတင်းတွင် ဆက်လက် ဖော်ပြထားသည်။

ဩဂုတ်လ ၂၈ နှင့် ၂၉ ရက်တွင် တပ်မတော် နှင့် MNDAA တို့တိုက်ပွဲ ဖြစ်ပွားနေသည့်အတွက် မူဆယ်ခရိုင်၊ မုံးကိုးမြို့နယ်ရှိ နမ်ဟာရွာနှင့် ကောင်းလုံရွာမှ ရွာသားများ မုံးကိုးမြို့သို့ တိမ်းရှောင်နေကြောင်း သိရသည်။