CNI News
၂၀၂၁ ခုနှစ်၊သြဂုတ် ၃၁

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)နှင့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ(UBP)တို့အား သြဂုတ် ၃၁ ရက်နေ့တွင် နေပြည်တော်ရှိ UEC ရုံးသို့ လာရောက် စစ်ဆေးခံရန် စာပို့အကြောင်းကြားထားကြောင်း သိရသည်။


UEC ၏ ထုတ်ပြန်ချက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ နိုင်ငံရေးပါတီများ၏ ပါတီပိုင်ရန်ပုံငွေ၊ ငွေကြေး၊ ပစ္စည်းစာရင်းများနှင့် စပ်လျဉ်း၍ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စနစ်တကျ ဆောင်ရွက်ထားရှိမှုများ ကို စစ်ဆေးခံနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိရန်အတွက် ရည်ညွှန်းပါစာဖြင့် အကြောင်းကြားထားပြီး ဖြစ်ပါ သည်ဟု ဖော်ပြထားသည်။
သို့ဖြစ်ပါ၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအနေဖြင့် သြဂုတ် ၃၁ ရက်နေ့ နံနက် ၉ နာရီတွင် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ လာရောက် စာရင်း စစ်ဆေးခံယူရန်အတွက် လိုအပ်သည့် စာရင်းစာအုပ်များ၊ မှတ်တမ်းစာအုပ်များ၊ အထောက်အထားများ တစ်ပါတည်း ယူဆောင်လာရန် USDP ပါတီထံ သြဂုတ် ၂၇ ရက်နေ့က စာပို့ အကြောင်းကြားခဲ့ကြောင်း UEC က ထုတ်ပြန်ခဲ့သည်။


ပြည်ထောင်စုနယ်မြေအတွင်းရှိ ဌာနချုပ်ရုံး အပါအဝင် ပြည်ထောင်စုနယ်မြေရုံးနှင့် ခရိုင်ရုံးများပါ အစစ်ဆေးခံ နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန်လည်း UEC က ဆိုထားသည်။


အလားတူ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ(UBP) အနေဖြင့်လည်း ဥတ္တရသီရမြို့နယ်၊ ဥတ္တရခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှာ သြဂုတ် ၃၁ ရက် နံနက် ၉ နာရီတွင် စာရင်း စစ်ဆေးခံယူရန်အတွက် လိုအပ်သည့် စာရင်းစာအုပ်များ၊ မှတ်တမ်းစာအုပ်များ၊ အထောက်အထာများ တစ်ပါတည်း ယူဆောင်လာပါရန် အကြောင်းကြားစာ ပို့ထားသည်ဟု သိရသည်။