- By CNI
- Category: နိုင်ငံရေး
- Hits: 1097
CNI International News
ဝါရှင်တန်၊ အောက်တိုဘာ ၁
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်သည် ထိုင်ဝမ်အတွက် ကာကွယ်ရေးထောက်ပံ့မှုအဖြစ် ဒေါ်လာ ၅၆၇ သန်းကို စက်တင်ဘာ ၃၁ ရက်တွင် အတည်ပြုခဲ့ကြောင်း အိမ်ဖြူတော်က ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ထိုအကူအညီသည် တရုတ်နှင့် တင်းမာမှု မြင့်တက်နေသည့် ထိုင်ဝမ်စစ်တပ်အတွက် စစ်အင်အား မြှင့်တင်ပေး နိုင်သော အမေရိကန်၏ နောက်ဆုံး လုပ်ဆောင်ချက်တစ်ခု ဖြစ်သည်။
အမေရိကန်သည် ထိုင်ဝမ်နှင့် တရားဝင် ဆက်ဆံရေးမရှိသော်လည်း ထိုင်ဝမ်အတွက် အရေးအကြီးဆုံး အင်အားစု တစ်ခုဖြစ်ပြီး အဓိကလက်နက် ထောက်ပံ့ပေးနေသည့် နိုင်ငံဖြစ်သည်။
တရုတ်ကမူ အမေရိကန်အနေဖြင့် ထိုင်ဝမ်ကို လက်နက်ရောင်းချမှုများအား ရပ်တန့်ရန် မကြာခဏ တောင်းဆိုခဲ့ သည်။
ထိုင်ဝမ်ပြည်သူများကို တွေ့ရစဉ်
အိမ်ဖြူတော်၏ ထုတ်ပြန်ချက်တွင် ဘိုင်ဒန်သည် ထိုင်ဝမ်အတွက် ကာကွယ်ရေး အထောက်အပံ့အဖြစ် ကာကွယ်ရေးဝန်ကြီးဌာန၏ လက်အောက်မှ ဒေါ်လာ ၅၆၇ သန်းကို ထုတ်ပေးရန် နိုင်ငံခြားရေးဝန်ကြီးအား တာဝန်ပေးခဲ့သည်ဟု ဖော်ပြခဲ့သည်။
ထိုအကူအညီပေးသည့် အစီအစဉ်တွင် စစ်ဘက်ဆိုင်ရာ လေ့ကျင့်သင်ကြားမှုများ ပါဝင်သော်လည်း အသေးစိတ် အချက်အလက်များကိုမူ ထုတ်ပြန်ခဲ့ခြင်းမရှိပေ။
ဧပြီလအတွင်းကလည်း ဘိုင်ဒန်သည် အစ္စရေးနှင့် ထိုင်ဝမ် အပါအဝင် ရုရှားနှင့်စစ်ပွဲ ဖြစ်ပွားနေသည့် ယူကရိန်း အတွက် ဒေါ်လာ ဘီလျံချီ တန်ကြေးရှိသော စစ်ရေးအကူအညီများကို ထောက်ပံ့ပေးမည့် ဥပဒေမူကြမ်းကို လက်မှတ်ရေးထိုးခဲ့သည်။
ထိုင်ဝမ်ကမူ အမေရိကန်၏ F-14 တိုက်လေယာဉ်များ အပါအဝင် လက်နက်များဖြန့်ချိမှု နှောင့်နှေးကြန့်ကြာနေ ခြင်းအပေါ် စောဒကတက်ခဲ့သည်။
တရုတ်သည် ထိုင်ဝမ်ကို ၎င်း၏ နယ်နိမိတ်တစ်ခုအဖြစ် ကြေညာထားပြီး မကြားသေးမီ နှစ်များအတွင်း ထိုင်ဝမ် အပေါ် စစ်ရေးနှင့် နိုင်ငံရေးဖိအားများ တိုးမြှင့်ခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 3142
CNI International News
နယူးယောက်၊ စက်တင်ဘာ ၃၀
အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် လက်ဘနွန်ရှိ ဟစ်ဇ်ဘိုလာခေါင်းဆောင် ဟက်ဆန် နာဆရာလာ (Hassan Nasrallah) သေဆုံးခဲ့ပြီးနောက် အရှေ့အလယ်ပိုင်းဒေသတွင် ချက်ချင်းအပစ်အခတ်ရပ်စဲရန် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) က စက်တင်ဘာ ၂၈ ရက်တွင် ပြုလုပ်သည့် ကုလမသဂ္ဂအထွေထွေ ညီလာခံတွင် မိန့်ခွန်းပြောကြားစဉ် ထည့်သွင်းပြောကြားသွားခဲ့ကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။
ယူကရိန်းနှင့် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပွားနေသည့် ပဋိပက္ခများကို အရှိန်လျှော့ချရန်၊ ဂါဇာအရေးတွင် အစ္စရေး-ပါလက်စတိုင်း နှစ်ပြည်ထောင် အတူယှဉ်တွဲနေထိုင်ရေးကို တရုတ်ကထောက်ခံကြောင်း၊ ကုလသမဂ္ဂတွင် ပါလက်စတိုင်း၏ အဖွဲ့ဝင်ဖြစ်ရေးကို ထောက်ခံကြောင်း ဝမ်ယိက ပြောကြားခဲ့သည်။
"အာဏာဟာ တရားမျှတမှုကို ကိုယ်စားမပြုပါဘူး။ ပါလက်စတိုင်းအရေးဟာ ပါလက်စတိုင်းတွေ ခံစားခဲ့ရတဲ့ သမိုင်းဝင် တရားမမျှတမှုနဲ့ လူသားတွေရဲ့ စိတ်ဓာတ်အတွက် ကြီးမားတဲ့ ဒဏ်ရာဒဏ်ချက်တစ်ခု ဖြစ်ပါတယ်။ ဒီအရေးကို ရေရှည်မှာ လျစ်လျူရှုနိုင်မှာ မဟုတ်ဘဲ ချက်ချင်း အပစ်အခတ်ရပ်စဲရပါမယ်" ဟု ဝမ်က ပြောကြားခဲ့ သည်။
အရှေ့အလယ်ပိုင်းဒေသ ဗုံးကြဲခံရစဉ်
ထိုအချိန်အတောအတွင်း အမေရိကန်နှင့် ဥရောပသမဂ္ဂက ရုရှားအပေါ် တရုတ်၏ ထောက်ခံမှုကို ဝေဖန်မှုများကို အရှိန်မြှင့်တင်နေပြီး ရုရှားအတွက် စစ်ရေးနှင့်ဆက်နွှယ်သည့် ကုန်ပစ္စည်းများ ပေးပို့နေသည်ဟု စွပ်စွဲထားသည်။
အလားတူ တရုတ်ကုမ္ပဏီများကိုလည်း ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည်။
စက်တင်ဘာ ၂၇ ရက်က ဝမ်သည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင် (Antony Blinken) နှင့် တွေ့ဆုံသည့် အစည်းအဝေးတွင် အမေရိကန်၏ ပိတ်ဆို့မှုများအပေါ် စိုးရိမ်ကြောင်း ထပ်လောင်းပြောကြားခဲ့ သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကို တွေ့ရစဉ်
"ဒီနေ့မှာ ကမ္ဘာပေါ်က နိုင်ငံအားလုံးရဲ့ အချုပ်အခြာအာဏာဟာ သာတူညီမျှရှိပါတယ်။ ကမ္ဘာ့တောင်ခြမ်းက နိုင်ငံ အများအပြားဟာ ချမ်းသာကြွယ်ဝနေပါတယ်။ အင်အားကြီးနိုင်ငံ ၁ နိုင်ငံ ဒါမှမဟုတ် ၂ နိုင်ငံ လောက်ပဲရှိတဲ့ခေတ် က ထာဝရ ကုန်ဆုံးသွားပါပြီ" ဟု ဝမ်ယိက ပြောကြားခဲ့သည်။
ယူကရိန်းအရေးနှင့်ပတ်သက်ပြီး ဝမ်က စစ်မြေပြင်ကို ထပ်မံချဲ့ထွင်ခြင်းမပြုရန်၊ တိုက်ပွဲများကို အရှိန်မြှင့်တင်ခြင်း မပြုရန်နှင့် တင်းမာမှုများကို လျှော့ချရန် တိုက်တွန်းခဲ့သည်။
ယူကရိန်းကမူ ရုရှားနှင့် ဆွေးနွေးညှိနှိုင်းရန် တရုတ်၏ တိုက်တွန်းချက်များကို အလေးမထားခဲ့သော်လည်း ဝမ်ကမူ ယူကရိန်းပဋိပက္ခကို တရုတ်က ကြားဝင်စေ့စပ်ပေးမည့်အကြောင်းကို ထပ်လောင်းပြောဆိုခဲ့သည်။
"တရုတ်ကတော့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေအတွက် ခိုင်မာပြီး ထိရောက်မှုရှိတဲ့ ကြားဝင်စေ့စပ်ပေးတဲ့ အခန်း ကဏ္ဍမှာ ပါဝင်လုပ်ဆောင်ပေးမယ်လို့ ကတိပြုထားခဲ့ပြီး ဖြစ်ပါတယ်။ တရုတ်အနေနဲ့ ကိုယ်ကျိုးအတွက် အမြတ်ထုတ်တာတွေလုပ်မှာ မဟုတ်ပါဘူး" ဟု ဝမ်က ပြောကြားခဲ့သည်။
Source: Nikkei Asia

- By CNI
- Category: နိုင်ငံရေး
- Hits: 2020
CNI International News
တဲလ်အဗစ်၊ စက်တင်ဘာ ၃၀
လက်ဘနွန်နိုင်ငံ၊ ဘေရွတ်(Beirut) မြို့တော်တွင် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဟစ်ဇ်ဘိုလာ ခေါင်းဆောင် ဆေးယက် ဟက်ဆန် နာဆရာလာ (Sayyed Hassan Nasrallah) သေဆုံးခဲ့မှုသည် ဟစ်ဇ်ဘိုလာ အတွက်သာမက အီရန်အတွက်လည်း ကြီးမားသည့် ထိုးနှက်ချက်ဖြစ်ခဲ့သည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။
စက်တင်ဘာ ၂၇ ရက်က ဘေရွတ်မြို့တော်တောင်ပိုင်း ဆင်ခြေဖုံးရပ်ကွက်တွင် ဟစ်ဇ်ဘိုလာအဖွဲ့၏ ဌာနချုပ်အား လေကြောင်းတိုက်ခိုက်ခဲ့ရာတွင် နာဆရာလာကို ချေမှုန်းနိုင်ခဲ့ကြောင်း အစ္စရေးစစ်တပ်က စက်တင်ဘာ ၂၈ ရက်၌ ထုတ်ပြန်ခဲ့သည်။
ထို့နောက် ဟစ်ဇ်ဘိုလာအဖွဲ့ကလည်း နာဆရာလာ သေဆုံးကြောင်းကို အတည်ပြုခဲ့သည်။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျာမင် နေတန်ယာကို တွေ့ရစဉ်
နာဆရာလာ၏ သေဆုံးမှုသည် အာရပ်ကမ္ဘာတွင် အီရန်အတွက် မဟာမိတ်လက်နက်ကိုင်အဖွဲ့များ ကွန်ရက်တွင် အဓိက အခန်းကဏ္ဍမှ ပါဝင်နေသည့် ဩဇာကြီးမားသော မဟာမိတ်တစ်ဦးကို လက်လွတ်ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျာမင် နေတန်ယာဟု (Benjamin Netanyahu) ကမူ နာဆရာလာအား ချေမှုန်းရခြင်း သည် လာမည့်နှစ်များအတွင်း ဒေသတွင်း အာဏာဟန်ချက်ညီမှုကို ပြောင်းလဲရန်အတွက် မဖြစ်မနေ လုပ်ဆောင် လိုက်ရသည့် ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
"နာဆရာလာက အကြမ်းဖက်သမား တစ်ယောက်ပါ" ဟု နေတန်ယာဟုက ပြောကြားခဲ့ပြီး စိန်ခေါ်မှုများနှင့် ပြည့်နေသည့် နေ့ရက်များကို ရင်ဆိုင်ရမည်ဟုလည်း သတိပေးခဲ့သည်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) ကလည်း နာဆရာလာ၏ သေဆုံးမှုသည် ထောင်နှင့်ချီသည့် အမေရိကန်များ၊ အစ္စရေးများနှင့် လက်ဘနွန်ပြည်သူများ အပါအဝင် သူ့ကြောင့် နစ်နာခဲ့ရသူများအတွက် တရားစီရင်မှုတစ်ခုဖြစ်ကြောင်း၊ အစ္စရေး၏ မိမိကိုယ်ကိုယ် ခုခံပိုင်ခွင့်ကို အမေရိကန်က အပြည့်အဝ ထောက်ခံ ကြောင်း ပြောကြားခဲ့သည်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကို တွေ့ရစဉ်
ဘေရွတ်မြို့တော်တွင် ဖြစ်ပွားခဲ့သည့် အစ္စရေး၏ လေကြောင်း တိုက်ခိုက်မှုများအတွင်း အီရန် တော်လှန်ရေး အစောင့်တပ်ဖွဲ့၏ ဒုတပ်မှူးတစ်ဦးဖြစ်သူ အာဘက်စ် နီလ်ဖိုရူရှန် (Abbas Nilforoushan) လည်း သေဆုံးသွားခဲ့ ကြောင်း အီရန်မီဒီယာများက ထုတ်ပြန်ခဲ့သည်။
နာဆရာလာ သေဆုံးခဲ့ပြီးနောက် အီရန်၏ အမြင့်ဆုံးခေါင်းဆောင် အယာတိုလာ အလီ ခါမေနီ ( Ayatollah Ali Khamenei) သည်လည်း နိုင်ငံအတွင်းရှိ ဘေးကင်းလုံခြုံသည့် နေရာသို့ ရွှေ့ပြောင်းနေထိုင်ခဲ့ကြောင်း သတင်း ရင်းမြစ်များက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ် နှစ်ပတ်အတွင်း လက်ဘနွန်တွင် အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် လူပေါင်း ၁၀၀၀ ကျော် သေဆုံးခဲ့ကာ ၆၀၀၀ ကျော် ဒဏ်ရာရရှိခဲ့သလို လူပေါင်း ၁ သိန်းခန့် အိမ်ပစ်ရာပစ် စွန့်ခွာထွက်ပြေးခဲ့ရ ကြောင်း လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
Source: Nikkei Asia
- By CNI
- Category: နိုင်ငံရေး
- Hits: 2715
CNI International News
ဘန်ကောက်၊ စက်တင်ဘာ ၃၀
ထိုင်းနိုင်ငံတွင် ပြုလုပ်ခဲ့သည့် စစ်တမ်းတစ်ရပ်တွင် ဝန်ကြီးချုပ် ရာထူးနေရာအတွက် လူကြိုက်အများဆုံးအဖြစ် ဖြူးထိုင်းပါတီခေါင်းဆောင် ပေတုန်တန် ရှင်နာဝပ် (Paetongtarn Shinawatra) ရွေးချယ်ခံခဲ့ရသည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
သို့သော် ထိုင်းတွင် လူကြိုက်အများဆုံး နိုင်ငံရေးပါတီသည် လက်ရှိအာဏာရ ဖြူးထိုင်းပါတီမဟုတ်ဘဲ ယခင် Move Forward ပါတီကို ဖျက်သိမ်းပြီး အသစ်ဖွဲ့စည်းခဲ့သည့် ပြည့်သူ့ပါတီ ဖြစ်နေသည်ဟု အမျိုးသား ဖွံ့ဖြိုးတိုး တက်ရေးအုပ်ချုပ်မှု အင်စတီကျု (Nida Poll) က ပြုလုပ်သည့် စစ်တမ်းတွင် ဖော်ပြခဲ့သည်။
၂၀၂၄ ခုနှစ် တတိယ ၃ လပတ် ကာလအတွက် ပြုလုပ်သည့် အဆိုပါ လူထုသဘောဆန္ဒ ကောက်ခံမှုစစ်တမ်းတွင် အသက် ၁၈ နှစ်နှင့်အထက် နယ်ပယ်ကဏ္ဍအသီးသီးမှ ပါဝင်ဖြေဆိုသူ ၂၀၀၀ ကို စက်တင်ဘာ ၁၆ ရက်မှ ၂၃ ရက် အကြာ ဖုန်းဖြင့်ဆက်သွယ်ပြီး အင်တာဗျူးများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ပေတုန်တန်၊ ပြည်သူ့ပါတီခေါင်းဆောင်နဲ့ ဒီမိုကရက်တစ်ပါတီခေါင်းဆောင်ကိုတွေ့ရစဉ်
ဝန်ကြီးချုပ်နေရာအတွက် ထောက်ခံမှု အများဆုံးစစ်တမ်းတွင် ပေတုန်တန်သည် စစ်တမ်းတွင် ပါဝင်ဖြေဆိုသူ စုစုပေါင်း၏ ၃၁ ဒသမ ၃၅ ရာခိုင်နှုန်း၏ ထောက်ခံမှုကိုရရှိခဲ့ပြီး ၂၃ ဒသမ ၅၀ ရာခိုင်နှုန်းကမူ ဝန်ကြီးချုပ်နေရာ အတွက် သင့်တော်သူ မရှိသေးကြောင်း ဖြေကြားခဲ့သည်။
၂၂ ဒသမ ၉၀ ရာခိုင်နှုန်းကမူ ပြည်သူ့ပါတီမှ နက်သန်ပွန် ရူအန်ပန်ယာဝပ် (Natthaphong Ruengpanyawut) ကို ထောက်ခံခဲ့ကြပြီး ၈ ဒသမ ၆၅ ရာခိုင်နှုန်းကမူ United Thai Nation ပါတီ၏ ပီရာပန် ဆာလီရာသာဗီဟာဂါ (Pirapan Salirathavibhaga) ကို ထောက်ခံခဲ့ကြသည်။
ထိုင်းတွင် လူထုထောက်ခံမှု အများဆုံး နိုင်ငံရေးပါတီ စစ်တမ်းတွင် ပြည်သူ့ပါတီက ၃၄ ဒသမ ၂၅ ရာခိုင်နှုန်း ဖြင့် ထောက်ခံမှု အများဆုံးရရှိခဲ့ပြီး ၂၇ ဒသမ ၁၅ ရာခိုင်နှုန်းကမူ ဖြူးထိုင်းပါတီကို ထောက်ခံခဲ့ရသည်။
၁၅ ဒသမ ၁၀ ရာခိုင်နှုန်းကမူ ထောက်ခံရန် သင့်တော်သည့်ပါတီ မရှိသေးကြောင်း ဖြေကြားခဲ့ပြီး ၉ ဒသမ ၉၅ ရာခိုင်နှုန်းက United Thai Nation ပါတီ၊ ၄ ဒသမ ၄၀ ရာခိုင်နှုန်းက ဒီမိုကရက်ပါတီ၊ ၃ ဒသမ ၅၅ ရာခိုင်နှုန်းက Bhumjaithai ပါတီ၊ ၂ ဒသမ ၀၅ ရာခိုင်နှုန်းက Palang Pracharath ပါတီနှင့် ၁ ဒသမ ၇၉ ရာခိုင်နှုန်းက Thai Sang Thai ပါတီတို့ကို ထောက်ခံခဲ့ကြသည်။
Source: ဘန်ကောက်ပို့စ်

- By CNI
- Category: နိုင်ငံရေး
- Hits: 970
CNI International News
နယူးယောက်၊ စက်တင်ဘာ ၃၀
ဖိလစ်ပိုင်နိုင်ငံတွင် ဖြန့်ကြက်ချထားသည့် အမေရိကန်၏ တာလတ်ပစ် ဒုံးကျည်များသည် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို လျော့ကျစေလိမ့်မည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြောကြားခဲ့ ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
ဝမ်ယိသည် စက်တင်ဘာ ၂၈ ရက်က နယူးယောက်တွင် တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ချိုတေးယူ (Cho Tae-yul) နှင့်တွေ့ဆုံခဲ့ချိန်က ကိုရီးယားကျွန်းဆွယ်ပေါ်၌ စစ်ပွဲ သို့မဟုတ် ပရမ်းပတာ အခြေအနေကို ရှောင်လွှဲရန် တိုက်တွန်းခဲ့သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်မှာ ဖော်ပြခဲ့သည်။
ယခုနှစ်အတွင်း အမေရိကန်က ဖိလစ်ပိုင်တွင် တရုတ်၏ ပစ်မှတ်များကို တိုက်ခိုက်နိုင်စွမ်းရှိသည့် ခရုဇ်ဒုံးကျည် များအား ပစ်လွှတ်နိုင်သော Typhon ဒုံးကျည်စနစ်ကို ဖြန့်ကြက်ချထားခဲ့သည်။
ဖိလစ်ပိုင်မှာ ဖြန့်ကြက်ထားတဲ့ အမေရိကန်ရဲ့ ဒုံးကျည်စနစ်ကိုတွေ့ရစဉ်
တရုတ်ကမူ ထိုဒုံးကျည်စနစ်များကို ရုပ်သိမ်းရန် တောင်းဆိုခဲ့ပြီး အင်ဒို-ပစိဖိတ်ဒေသတွင် ထိုကဲ့သို့ ဒုံကျည်စနစ် များ ဖြန့်ကြက်ချထားမှုအား ရုရှားနှင့်အတူ ပူးပေါင်းပြီး ဝေဖန်ရှုတ်ချခဲ့သလို အမေရိကန်သည် လက်နက် အပြိုင်အဆိုင်တပ်ဆင်ရန် လှုံ့ဆော်နေကြောင်း စွပ်စွဲခဲ့သည်။
ထိုလက်နက်စနစ်များ ဖြန့်ကြက်ချထားမှုသည် ဒေသတွင်းနိုင်ငံများ၏ အကျိုးစီးပွားအတွက် မဟုတ်ကြောင်း လည်း ဝမ်ယိက ပြောကြားခဲ့သည်။
ဖိလစ်ပိုင်သည် အာရှတွင် အမေရိကန်၏ မဟာဗျူဟာ၌ အရေးကြီးသည့် နိုင်ငံများထဲတွင်ပါဝင်ပြီး ထိုင်ဝမ်ကို တရုတ်က တိုက်ခိုက်လာပါက အမေရိကန်သည် ထိုင်ဝမ်အား စစ်ရေးအကူအညီပေးရန် ဖိလစ်ပိုင်သည် မဟာဗျူဟာကျသော တည်နေရာတွင် ရှိနေသည်။
ဝမ်ယိကတော့ တရုတ်နှင့် တောင်ကိုရီးယားအကြား ပူးပေါင်းဆောင်ရွက်မှုများသည် ယခုနှစ်အတွင်း ပိုမိုမြင့်တက် လာခဲ့သည်ဟု တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးကို ပြောကြားခဲ့သည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 2793
CNI International News
ဝါရှင်တန်၊ စက်တင်ဘာ ၂၈
တရုတ်၏ နောက်ဆုံးပေါ် နျူကလီးယားစွမ်းအင်သုံး တိုက်ခိုက်ရေး ရေငုပ်သင်္ဘောတစ်စင်းသည် ဆိပ်ကမ်းတွင် ဆိုက်ကပ်ပြီး တည်ဆောက်နေချိန်အတွင်းမှာပင် နစ်မြုပ်သွားခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက ပြောကြားခဲ့ သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
တရုတ်၏ ပထမဆုံး Zhou အမျိုးအစား ရေငုပ်သင်္ဘော နစ်မြုပ်မှုသည် ကမ္ဘာ့အကြီးဆုံး ရေတပ်ကို တည်ဆောက် နေသည့် တရုတ်၏ ရည်မှန်းချက်အတွက် ကြီးမားသော ခြိမ်းခြောက်မှုဖြစ်သည်ဟု ကျွမ်းကျင်သူများက ပြောကြား ခဲ့သည်။
ထိုရေငုပ်သင်္ဘောသည် မေလနှင့် ဇွန်လအကြား နစ်မြုပ်ခဲ့ခြင်းဖြစ်နိုင်ပြီး ဂြိုဟ်တုဓာတ်ပုံများထဲတွင် မြစ်အောက် ကြမ်းခင်မှ ရေငုပ်သင်္ဘောကို ဆယ်ယူရန် ကရိန်းများဖြင့် ဆွဲတင်နေသည်ကို မြင်တွေ့ရသည်ဟု အမည်မဖော်လို သည့် အမေရိကန်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူကမူ ထိုအကြောင်းအရာနှင့်ပတ်သက်၍ မသိကြောင်း စက်တင်ဘာ ၂၇ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပြီး အသေးစိတ် အချက်အလက်များ ထုတ်ပြန်ခဲ့ခြင်းမရှိပေ။
ထိုရေငုပ်သင်္ဘော နစ်မြုပ်သည့် သတင်းကို The Wall Street Journal က အရင်ဆုံး ဖော်ပြခဲ့ခြင်းဖြစ်သည်။
နစ်မြုပ်သွားတဲ့ ရေငုပ်သင်္ဘောကို ဆယ်နေကြစဉ်
အမေရိကန်ရေတပ်၏ ရေငုပ်သင်္ဘော တပ်ဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်ပြီး New American Security စင်တာမှ ကျွမ်းကျင်သူတစ်ဦးဖြစ်သူ သောမတ် ရှူဂတ် (Thomas Shugart) က ဇူလိုင်လအတွင်း တရုတ်၏ ရေငုပ်သင်္ဘော နစ်မြုပ်သည့်ဖြစ်စဉ်ကို ပထမဆုံး သိရှိခဲ့သည်။
သို့သော်လည်း ထိုအချိန်က နစ်မြုပ်ခဲ့သည့် သင်္ဘောသည် Zhou အမျိုးအစား ရေငုပ်သင်္ဘောဖြစ်သည်ဆိုခြင်းကိုမူ လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိပေ။
Planet Labs PBC ကုမ္ပဏီမှ ထုတ်ပြန်ခဲ့သည့် ဂြိုဟ်တုဓာတ်ပုံများတွင်မူ ထိုရေငုပ်သင်္ဘောသည် မနစ်မြုပ်ခင် အချိန်က ယန်ဇီမြစ် (Yangtze River) ရှိ ရှူအန်လျူ (Shuangliu) သင်္ဘောကျင်းတွင် ဆိုက်ကပ်ထားသည့်ပုံများကို မြင်တွေ့ရသည်။
ဇွန် ၁၅ ရက်က ရိုက်ကူးခဲ့သည့် ဓာတ်ပုံတစ်ပုံတွင်မူ ရေငုပ်သင်္ဘောသည် မြစ်၏ ရေမျက်နှာပြင်အောက်တွင် တစ်ဝက်ခန့် နစ်မြုပ်နေသည်ကို တွေ့ရပြီး သင်္ဘော၏ ဘေးပတ်ပတ်လည်တွင် ကရိန်းများကို မြင်တွေ့ရသည်။
တရုတ်သည် နိုင်ငံတကာ ကုန်သွယ်ရေးတွင် အဓိကကျသည့် တောင်တရုတ်ပင်လယ်၏ နယ်နိမိတ်အားလုံး နီးပါးကို ပိုင်ဆိုင်ကြောင်း ကြေညာထားပြီး အိမ်နီးချင်းနိုင်ငံများနှင့် ထိပ်တိုက်တွေ့နေချိန်တွင် ရေတပ်အင်အားကို သိသိသာသာ တိုးမြှင့်လျက်ရှိသည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 2815
CNI International News
ဝါရှင်တန်၊ စက်တင်ဘာ ၂၈
အမေရိကန်သမ္မတ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်း ဒေါ်နယ်ထရမ့် (Donald Trump) နှင့် ယူကရိန်း သမ္မတ ဇာလန်းစကီး (Volodymyr Zelenskiy) တို့ စက်တင်ဘာ ၂၇ ရက်တွင် တွေ့ဆုံမည်ဖြစ်ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
၎င်းတို့နှစ်ဦးသည် မန်ဟက်တန် (Manhattan) ရပ်ကွက်ရှိ ထရမ့်တာဝါ (Trump Tower) တွင် တွေ့ဆုံမည်ဖြစ်ပြီး ရုရှား-ယူကရိန်း စစ်ပွဲအကြောင်းကို ဆွေးနွေးကြမည်ဖြစ်သည်။
ထရမ့်နှင့် ဇာလန်းစကီးတို့သည် ဇူလိုင်လ အတွင်းကလည်း တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောဆိုခဲ့ပြီး ယခုအကြိမ် သည် ထရမ့်၏ သမ္မတသက်တမ်းဖြစ်သည့် ၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ်နောက်ပိုင်းတွင် ပထမဆုံးအကြိမ် လူချင်း တွေ့ဆုံမှုဖြစ်သည်။
ပြီးခဲ့သည့် ရက်ပိုင်းကမူ ထရမ့်က ဇာလန်းစကီးကို ဝေဖန်ခဲ့ပြီး ဟားရစ်အား ရွေးကောက်ပွဲတွင် အနိုင်ရစေလိုသူ ဖြစ်သည်ဟု စွပ်စွဲခဲ့သည်။
ထို့အပြင် ယူကရိန်းသည် သေဆုံးနေသည့် နိုင်ငံဖြစ်ကြောင်း ထရမ့်က ပြောကြားခဲ့သည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီတက်ရန် အမေရိကန်သို့ ရောက်ရှိနေသည့် ဇာလန်းစကီးသည် စက်တင်ဘာ ၂၆ ရက်ကလည်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) ၊ ဒုတိယသမ္မတ ကာမယ်လာ ဟားရစ်(Kamala Harris) တို့နှင့် တွေ့ဆုံခဲ့သည်။
ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
ဝါရှင်တန်တွင် ဇာလန်းစကီးနှင့် ဘိုင်ဒန်တို့ တွေ့ဆုံချိန်၌ ဘိုင်ဒင်က ဒေါ်လာ ၈ ဘီလျံကျော် တန်ကြေးရှိသည့် ယူကရိန်းအတွက် စစ်ရေးအကူအညီအသစ်ကို ကြေညာခဲ့ပြီး ဟားရစ်ကလည်း ယူကရိန်းကို ထောက်ခံကြောင်း ထပ်လောင်း အတည်ပြုခဲ့သည်။
ထို့ပြင် နိုဝင်ဘာ ၅ ရက်တွင် ထရမ့်နှင့်ယှဉ်ပြိုင် ရွေးကောက်ခံမည့် ဟားရစ်က ထရမ့်သည် အရှေ့ဥရောပ မဟာမိတ်ဖြစ်သည့် ယူကရိန်းဘက်မှ ရပ်တည်ပေးခဲ့ခြင်းမရှိကြောင်း စွပ်စွဲခဲ့သည်။
ဇာလန်းစကီးသည် ယူကရိန်းမှ အမေရိကန်သို့ မထွက်ခွာမီအချိန်က ရုရှားကို အနိုင်ယူရန် ၎င်း၏ အောင်ပွဲ အစီအစဉ်အား ဘိုင်ဒန်၊ ဟားရစ်နှင့် ထရမ့်တို့အား တင်ပြရန် ရည်ရွယ်ထားကြောင်း ပြောကြားခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်ကုန်ကလည်း ဇာလန်းစကီးသည် ဟားရစ်၏ မဟာမိတ်ဖြစ်သည့် ပင်ဆယ်ဗေးနီးယား (Pennsylvania) ပြည်နယ်အုပ်ချုပ်ရေးမှူး ဂျိုရှ် ရှာပီရို (Josh Shapiro) နှင့်အတူ ပြည်နယ်အတွင်းရှိ လက်နက် ခဲယမ်း ထုတ်လုပ်သည့် စက်ရုံတစ်ရုံသို့ သွားရောက်ကြည့်ရှုခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 3689
CNI International News
မော်စကို၊ စက်တင်ဘာ ၂၈
ရုရှားနိုင်ငံအတွင်းပိုင်းရှိ ပစ်မှတ်များကို အနောက်နိုင်ငံလုပ် ဒုံးကျည်များဖြင့် တိုက်ခိုက်ရန် ယူကရိန်းအား ခွင့်ပြုမည်ဆိုလျှင် ရုရှားက နျူကလီးယားလက်နက်များဖြင့် တုန့်ပြန်ရန် စဉ်းစားသွားမည်ဟု ရုရှားသမ္မတ ပူတင် (Vladimir Putin) က သတိပေးခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ပူတင်သည် စက်တင်ဘာ ၂၅ ရက်က နျူကလီးယားလက်နက်များ အသုံးပြုရနိုင်သည့် အနာဂတ် စိတ်မှန်းဖြစ်နိုင် ခြေများနှင့် ပတ်သက်ပြီး အမေရိကန်နှင့် အနောက်နိုင်ငံများကို သတိပေးခဲ့ခြင်းဖြစ်သည်။
နျူကလီးယား လက်နက်ပိုင်ဆိုင်သည့် ပြိုင်ဘက်နိုင်ငံအနေဖြင့် ရုရှားကို တိုက်ခိုက်နေသောနိုင်ငံအား ထောက်ပံ့ ပေးနေမည်ဆိုပါက ထိုပြိုင်ဘက်နိုင်ငံကိုပါ ရုရှားကိုတိုက်ခိုက်နေသည့် စာရင်းထဲတွင် ထည့်သွင်းရမည်ဖြစ် ကြောင်း ပူတင်က ပြောကြားခဲ့သည်။
ထိုပြောကြားချက်များအရ ပူတင်သည် ရုရှားကို တိုက်ခိုက်နေသည့် ယူကရိန်းနှင့် ယူကရိန်းအား ထောက်ပံ့ပေးနေ သော အနောက်အင်အားကြီးနိုင်ငံများကို ရည်ညွှန်းပြောဆိုခြင်းဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့ သည်။
ယူကရိန်းသမ္မတ ဇာလန်းစကီး (Volodymyr Zelensky) သည် အနောက်နိုင်ငံများမှ ထောက်ပံ့ပေးထားသည့် တာဝေးပစ်ဒုံးကျည်များဖြင့် ရုရှားနိုင်ငံအတွင်းပိုင်းရှိ ပစ်မှတ်များကို တိုက်ခိုက်ခွင့်ပြုရန် အနောက်နိုင်ငံများအား တောင်းဆိုနေချိန်တွင် ပူတင်၏ ပြောကြားချက် ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
ရုရှား နျူကလီးယားထိပ်ဖူးကိုတွေ့ရစဉ်
ကရင်မလင်နန်းတော်၏ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ် (Dmitry Peskov) ကလည်း ပူတင်၏ ပြောကြားချက်သည် အနောက်နိုင်ငံများအတွက် သတိပေးမှုတစ်ခုအဖြစ် ရှုမြင်နိုင်ကြောင်း ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင် (Antony Blinken) ကမူ ပူတင်၏ ပြောကြားချက်များသည် အလွန်တာဝန်မဲ့သည့် ပြောကြားချက်ဖြစ်ကြောင်း MSNBC ရုပ်သံနှင့်ပြုလုပ်သော အင်တာဗျူးတွင် ပြောကြားခဲ့ သည်။
ရုရှား၏ မဟာမိတ် တရုတ်နိုင်ငံကမူ အခြေအနေကို ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ရန် တိုက်တွန်းခဲ့သည်။
တရုတ်သမ္မတ ရှီကျင့်ဖျင် ( Xi Jinping) က နျူကလီးယား လက်နက်များ အသုံးပြုမှုအား ဆန့်ကျင်ကြောင်း ပူတင်ကို သတိပေးခဲ့သည်ဟု သတင်းများထွက်ပေါ်လျက်ရှိသည်။
ဇွန်လအတွင်းကလည်း ပူတင်သည် ယူကရိန်းကို ထောက်ပံ့ပေးနေသည့် ဥရောပနိုင်ငံများအား သတိပေးခဲ့ပြီး ရုရှားတွင်ရှိသော နည်းဗျူဟာမြောက် နျူကလီးယားလက်နက် ထိပ်ဖူးများသည် ဥရောပတစ်တိုက်လုံးတွင်ရှိသည့် နျူကလီးယား လက်နက်ထိပ်ဖူးများထက် ပိုမိုများပြားကြောင်း ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 2838
CNI International News
ဝါရှင်တန်၊ စက်တင်ဘာ ၂၇
ယူကရိန်းသမ္မတ ဇာလန်းစကီး (Volodymyr Zelenskiy) ၏ ဝါရှင်တန် (Washington) ခရီးစဉ်အတွင်း အမေရိကန်သည် ယူကရိန်းအတွက် ဒေါ်လာ ၈ ဘီလျံတန်ကြေးရှိ စစ်ရေးအကူအညီများပေးရန် ကြေညာလိမ့် မည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) ၏ အစိုးရအဖွဲ့သည် ယခင်စစ်ရေး အကူအညီ သက်တမ်းကုန်မည့် စက်တင်ဘာ ၃၀ ရက်မတိုင်မီ ယူကရိန်းအတွက် စစ်ရေးအကူအညီပေးဖို့ ဒေါ်လာ ၅ ဒသမ ၆ ဘီလျံ အသုံးပြုခွင့် ရရှိရန် လွှတ်တော်နှင့် ဆွေးနွေးမှုများ ပြုလုပ်နေသည်။
အိမ်ဖြူတော်သည် အမေရိကန်၏ လက်နက်တိုက်မှ ဒေါ်လာ ၅ ဒသမ ၆ ဘီလျံကို အသုံးပြုမည့် အကြောင်းကို ကြေညာရန် လွှတ်တော်အား အသိပေးဖို့ရည်ရွယ်ထားသည်။
ထိုစစ်ရေးအကူအညီတွင် ပါဝင်မည့် လက်နက်ပစ္စည်းများကိုမူ မသိရသေးကြောင်း အမေရိကန်အရာရှိနှစ်ဦးက ပြောသည်။
ယူကရိန်းအတွက် စစ်ရေး အကူအညီပေးရာတွင် အရေးပေါ် အစီအစဉ်တစ်ခုကို ဘိုင်ဒန်အစိုးရအဖွဲ့က စဉ်းစားနေ ကြောင်း ယခုလအတွင်း ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။
သို့သော် လက်နက်များနှင့် ပစ္စည်းကိရိယာများ လွှဲပြောင်းပေးပို့မည့် အချိန်ကာလကို စက်တင်ဘာ ၃၀ ရက် သက်တမ်းကုန်ချိန်နှင့် မသက်ဆိုင်စေဘဲ သက်တမ်းထပ်တိုးခွင့်ရရှိရန် အမေရိကန်က ပြင်ဆင်နေသည်ဟု ဆိုသည်။
ဘိုင်ဒန်နဲ့ဇာလန်းစကီးကို တွေ့ရစဉ်
နောက်ထပ် ၂ ဒသမ ၄ ဘီလျံ တန်ကြေးရှိ စစ်ရေးအကူအညီကို ယူကရိန်းဆိုင်ရာ လုံခြုံရေး အထောက်အကူပြု အစီအစဉ်၏ ခေါင်းစဉ်အောက်တွင် ကြေညာသွားမည်ဖြစ်သည်။
ထိုအစီအစဉ်အရ အမေရိကန်အစိုးရသည် အမေရိကန်လက်နက်တိုက်ကနေ လက်နက်များကို တိုက်ရိုက် လွှဲပြောင်း ပေးခြင်းထက် ကာကွယ်ရေးကုမ္ပဏီများထံမှ လက်နက်များကို ဝယ်ယူပြီး ယူကရိန်းအား ထောက်ပံ့ခွင့် ရှိနေသည်။
ထိုစစ်ရေး အကူအညီထဲတွင် ခဲယမ်းများ၊ တိုက်ခိုက်ရေး ဒရုန်းများအတွက် လက်နက်များ၊ ယူကရိန်းရှိ လက်နက် ထုတ်လုပ်ရေး စက်ရုံများအတွက် လိုအပ်သည့် ကုန်ကြမ်းများ ပါဝင်သည်ဟု အမည်မဖော်လိုသည့် အမေရိကန် အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
အမေရိကန်လွှတ်တော်သည် ယူကရိန်းကို ရုရှားက ဝင်ရောက် ကျူးကျော်ခဲ့ချိန်မှစပြီး ယနေ့အချိန်အထိ ယူကရိန်းနှင့် အစ္စရေး အပါအဝင် မဟာမိတ်နိုင်ငံများအတွက် စစ်ရေးအကူအညီကို ဒေါ်လာ ၁၇၅ ဘီလျံနီးပါး ထောက်ပံ့ပေးရန် အတည်ပြုခဲ့သည်။
Source: ရိုက်တာ