မန်ချက်စတာ၊ဩဂုတ် ၂၈

ခရစ္စတီယာနိုရော်နယ်ဒိုသည် ဆာအဲလက်စ်ဖာဂူဆန်နှင့် ဩဂုတ်လ ၂၇ ရက် နံနက်ပိုင်းက မန်ချက်စတာယူနိုက်တက်အသင်းနှင့် ပြန်လည်ပူးပေါင်းရန် တွေ့ဆုံဆွေးနွေးပြီးနောက် အသင်းနှင့်စာချုပ်ချုပ်ရန် ၎င်းက လက်ခံခဲ့ကြောင်း မန်ချက်စတာညနေခင်းသတင်း ဝက်ဘ်ဆိုက်တွင် သတင်းဖော်ပြထားသည်။

စီရော်နယ်ဒိုဟု ပရိသတ်က ချစ်စနိုးခေါ်ဝေါ်ကြသည့် ခရစ္စတီယာနိုရော်နယ်ဒိုသည် အသက် ၃၆ နှစ် အရွယ်ရှိပြီဖြစ်ပြီး ၎င်းသည် မန်ချက်စတာစီးတီး(မန်စီးတီး) အသင်းကို သွားရန် ခြေလှမ်းပြင်နေကြောင်း အစောပိုင်းက သတင်းများ ထွက်ပေါ်ခဲ့သေးသော်လည်း ယခုကာလတွင်တော့ မန်ယူအသင်းနှင့် ဆက်လက်လက်တွဲရန် သေချာသွားပြီဖြစ်သည်။

စီရော်နယ်ဒိုသည် ဂျူဗင်တပ်စ်နည်းပြ မက်ဆီမို အလက်ဂရီကို ဩဂုတ်လ ၂၆ ရက်က အသင်းမှထွက်ခွာရန် သူ့အာသီသကို အသိပေးပြောကြားခဲ့ပြီး အားကစားသမားတစ်ဦး အကြီးကျယ်အခမ်းနားဆုံး အိမ်ပြန်ခရီးအဖြစ် ယူနိုက်တက်ဆီသို့ ခြေလှမ်းများ ပြင်ဆင်နေခဲ့သည်။

မန်ယူအသင်းအနေဖြင့် ၎င်းကို စိတ်ဝင်စားသည့်အကြောင်း ရော်နယ်ဒိုကောင်းစွာသိရှိကြောင်း မန်ချက်စတာ ယူနိုက်တက်နည်းပြ အိုလေးဂွန်နာဆိုးလ်ရှားက ပြီးခဲ့သည့်သီတင်းပတ် သတင်းစာရှင်းလင်းပွဲတွင်လည်း ထုတ်ဖော်ပြောဆိုထားသည်။

၂၀၀၃ ခုနှစ်မှာ မန်ချက်စတာယူနိုက်တက်အသင်းသည် စီရော်နယ်ဒိုကို စပို့တင်းလစ္စဘွန်းထံမှ စတင်လင်ပေါင် ၁၂ ဒသမ ၂ သန်းဖြင့် ခေါ်ယူခဲ့ပြီး မန်ယူအတွက် ၂၉၂ ပွဲ ကစားပေးခဲ့ရာမှာ ဂိုးပေါင်း စုစုပေါင်း ၁၁၈ ဂိုးအထိ စီရော်နယ်ဒိုက သွင်းယူနိုင်ခဲ့သည်။ ယင်းနောက် ၂၀၀၉ ခုနှစ်အထိ မန်ယူအသင်းတွင်နေခဲ့ပြီး ၆ နှစ်တာ ကာလအတွင်း ပရီးယားလိဂ်ဖလား ၃ ကြိမ်၊ ချန်ပီယံလိဂ်၊ ကမ္ဘာ့ဖလား၊ အက်ဖ်အေဖလားနှင့် လိဂ်ဖလားတို့ကို စီရော်နယ်ဒိုက ဆွတ်ခူးရယူပေးခဲ့သည်။

“သူဟာ ကျနော်တို့အသင်းရဲ့ ဂန္ထဝင်ဘောလုံးသမားပါ။ ၂၀၀၈ တုန်းက သူ့ကို ကျနော် နည်းပြလုပ်ခဲ့ပါတယ်။ ကျနော် အရင်က ပြောခဲ့သလိုပါပဲ … သူနဲ့ မက်စီတို့ဟာ အင်မတန်ပေါက်မြောက်တဲ့ ကစားသမားတွေ ဖြစ်ကြတယ်ဆိုတာ” အိုလေးဂွန်နာဆိုးလ်ရှားက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့သည်။

စီရော်နယ်ဒို တစ်ယောက် ဂျူဗင်တပ်စ်ကနေ ထွက်ခွာလိမ့်မယ်လို့ မိမိ မထင်ထားမိခဲ့ကြောင်း၊ သူ့ရဲ့အနာဂတ်ကို အခုရက်ပိုင်းအတွင်း ထင်ကြေးပေး ပြောဆိုနေမှုများကို ကြားသိရပါကြောင်း ဆိုးလ်ရှားက ဆက်လက် ပြောကြား ခဲ့သည်။