CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၇

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒီဂျောင်ရဲ့အပြောင်းအရွှေ့အစိတ်အပိုင်းအဖြစ် မက်ဂွဲယားကို လိုချင်နေတဲ့ ဘာစီလိုနာရဲ့ ကြိုးပမ်းမှုကို ပယ်ချလိုက်ပါတယ်။

ယူနိုက်တက်အသင်းဟာ အခုနွေရာသီအပြောင်းအရွှေ့ အဓိကပစ်မှတ်ဖြစ်တဲ့ ဒီဂျောင်ကိုခေါ်ယူဖို့ ဘာစီလိုနာ အသင်းနဲ့ပြောင်းရွှေ့ကြေး ညှိနှိုင်းနေပြီး သဘောတူညီမှုရယူနိုင်ခဲ့ပြီလို့ သတင်းတွေမှာ ဖော်ပြထားတာပါ။ ဘာစီလိုနာအသင်းဟာ မက်ဂွဲယားကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာကြောင့် ဒီဂျောင်ရဲ့အပြောင်းအရွှေ့ အစိတ် အပိုင်းအဖြစ် မက်ဂွဲယားကိုပါထည့်သွင်းဖို့ တောင်းဆိုခဲ့တယ်လို့ The Sun သတင်းဌာနက ဖော်ပြထားပါတယ်။ ဒါပေမယ့် ယူနိုက်တက်ကတော့ ဒါကို ငြင်းပယ်သွားခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ ဒီဂျောင်အတွက် သဘောတူညီမှုရရှိထားတဲ့ ပြောင်းရွှေ့ကြေး ပေါင် ၆၉ သန်းကို ငွေသား ပေးချေသွားမှာဖြစ်ပြီး သူတို့ရဲ့ အသင်းခေါင်းဆောင်ကို ပေးသွားမှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ ယူနိုက်တက် အသင်းဟာ အခုနွေရာသီအပြောင်းအရွှေ့မှာ နောက်ခံလူတွေဖြစ်တဲ့ ဘိုင်လီ၊ဖီးလ်ဂျုံးစ်၊တွမ်ဇီဘီနဲ့ ဝမ်ဘစ်စကာ တို့ကို ထွက်ခွာခွင့်ပေးဖို့ ရှိနေပါတယ်။ယူနိုက်တက်နည်းပြသစ် အဲရစ်တန်ဟတ်ဟာ မက်ဂွဲယားနဲ့အတူ အလုပ် လုပ်ချင်တာကြောင့် ကလပ်အသင်းက အင်္ဂလန်နောက်ခံလူကို ရောင်းချဖို့ ဆန္ဒမရှိတာလည်း ဖြစ်ပါတယ်။

မက်ဂွဲယားဟာ ၂၀၁၉ က လက်စတာကနေ ပေါင်သန်း ၈၀ နဲ့ ရောက်ရှိလာခဲ့ပြီး ၆ လအကြာမှာပဲ အသင်း ခေါင်းဆောင်ဖြစ်ခဲ့တာပါ။အသက် ၂၉ နှစ်အရွယ်ရှိ နောက်ခံလူဟာ ပြီးခဲ့တဲ့ရာသီက ပြသခဲ့တဲ့ စွမ်းဆောင်ရည် တွေကြောင့် ပရိသတ်တွေရဲ့ ပြင်းပြင်းထန်ထန် ဝေဖန်ခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ ပရိသတ်တွေက သူ့ကို ပွဲထွက်လူစာရင်းကနေ ချန်လှပ်ဖို့တောင် တောင်းဆိုခဲ့ကြတာပါ။မက်ဂွဲယားအနေနဲ့ နည်းပြသစ်တန်ဟတ် လက်ထက်မှာ အသင်းခေါင်းဆောင်ရာထူး ဆက်လက်ရယူဖို့ မသေချာတော့တာလည်းဖြစ်ပါတယ်။

တန်ဟတ်ကတော့ အသင်းခေါင်းဆောင်ရာထူးနဲ့ပတ်သက်ပြီး ကစားသမားတွေကို ရွေးချယ်ခိုင်းဖို့ရှိနေပြီး ဂိုးသမား ဒီဂီယာက အသင်းခေါင်းဆောင်သစ်ဖြစ်လာနိုင်တယ်လို့ သတင်းတွေမှာ ဖော်ပြထားတာပါ။ မက်ဂွဲ ယားဟာ ကာလကြာရှည်လက်တွဲဖော် ဖန်ဟော်ကင်းစ်နဲ့ မင်္ဂလာပွဲဆင်နွှဲထားပြီး နည်းပြရဲ့အထူးခွင့်ပြုချက်နဲ့ ဟန်းနီးမွန်းထွက်ဖို့ ရှိနေကာ ရာသီကြိုလေ့ကျင့်ရေးအစီအစဉ်တွေကို ပူးပေါင်းဦးမှာ မဟုတ်ဘူးလို့ သိရပါတယ်။

Source:Metro