CNI Sport News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၀

ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်ဟာ မက်ဂွဲယားအပေါ်မှာ လေးစားမှု မရှိတာကြောင့် ကစားသမား အနေနဲ့ အသင်းကနေ အခုချက်ချင်းထွက်ခွာဖို့ နောက်ခံလူဟောင်း ရီယိုဖာဒီနန်က ပြောလိုက်ပါတယ်။

ရီယိုဖာဒီနန်က “မက်ဂွဲယားက အခုပဲ ထွက်သွားရမှာပါ။လုပ်ခ်ရှောက သူ့အစား ဗဟိုနောက်ခံလူအဖြစ် ကစား နေပါတယ်။ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ ကျနော်ပြန်သွားခဲ့သလိုဖြစ်နေတာပါ။လူတိုင်းက ကျနော့်ကို ကောင်းမွန် စွာကစားနိုင်ခဲ့တယ်လို့ ပြောကြပေမယ့် အီဗရာက ဗဟိုနောက်ခံလူအဖြစ် ကစားနေခဲ့ပါတယ်။ ကျနော်သူ့ကို လည်ပင်းညှစ်ပြီး ပွဲမှာ ပါဝင်လို့မရအောင် လုပ်ချင်တာ။နည်းပြ အခန်းဆီသွားပြီး ကျနော့်ကို လေးစားမှု မရှိတာလားဆိုပြီး ပြောခဲ့လိုက်တယ်။မက်ဂွဲယားက ထွက်ရမှာပါ။သူဟာ ပွဲတွေအများကြီးရှိတာကြောင့် ဆက်နေနေပေမယ့် ဖလားပွဲတွေပဲ ကစားနေရတယ်” လို့ Vibe with Five Youtube Channel မှာပြောခဲ့တာပါ။

ရီယိုဖာဒီနန်ဟာ ပြီးခဲ့တဲ့လကတည်းက သူသာ မက်ဂွဲယားဆိုရင် အသင်းသစ်ရှာဖွေနေပြီလို့ ပြောခဲ့တာ ဖြစ်ပါတယ်။မက်ဂွဲယားဟာ ဒီရာသီ နည်းပြ အဲရစ်တန်ဟတ်လက်အောက်မှာ ပွဲထွက်ကစားခွင့်ရဖို့ ရုန်းကန် နေရတာပါ။အဲရစ်တန်ဟတ်ဟာ ဗာရန်းနဲ့ လီဆန်ဒရိုမာတီးနတ်စ်ကို ဦးစားပေးဗဟိုနောက်ခံလူအဖြစ် အသုံးပြု နေတာဖြစ်ပြီး မက်ဂွဲယားကို လူစားဝင်ကစားသမားအဖြစ်သာ အသုံးပြုနေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မက်ဂွဲယားဟာ ကွာတားဖိုင်နယ်အထိ ရောက်ရှိခဲ့တဲ့ အင်္ဂလန်အသင်း ခံစစ်ပိုင်းကို ဦးဆောင်နိုင်ခဲ့တာပါ။ဒါပေမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး ကလပ်ပွဲတွေ ပြန်ကစားတဲ့အချိန်မှာ နည်းပြ အဲရစ်တန်ဟတ်ဟာ မက်ဂွဲယားကို အရန်ခုံမှာပဲထားပြီး ဘယ်နောက်ခံလူ လုပ်ခ်ရှောကို ဗဟိုနောက်ခံလူအဖြစ် ပြောင်းလဲ အသုံးပြုခဲ့တာဖြစ်ပါတယ်။ဒါကို ရီယိုဖာဒီနန်က စိတ်ပျက်နေပြီး မက်ဂွဲယားကို ယူနိုက်တက်ကနေ ထွက်ဖို့ ပြောခဲ့တာပါ။

၂၀၁၉ က ပေါင်သန်း ၈၀ နဲ့ လက်စတာကနေ ရောက်ရှိလာတဲ့ မက်ဂွဲယားဟာ မကြာသေးခင်က အက်စတွန်ဗီလာ အသင်းထံ ပြောင်းရွှေ့ဖို့ နီးစပ်နေပြီလို့တောင် သတင်းတွေ ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။ဒါကို ယူနိုက်တက်က ငြင်းဆန်ထားပြီး ကစားသမားဟာ အသင်းမှာ ဆက်ရှိမယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။

မက်ဂွဲယားဟာ ဒီရာသီမှာ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ ၁၃ ပွဲပါဝင်ကစားထားပြီး ချာလ်တန်အသင်းနဲ့ ကာရာ ဘောင်းဖလားကွာတားဖိုင်နယ်မှာ ပွဲထွက်ခွင့်ရဖို့ ရှိနေတာဖြစ်ပါတယ်။

Source:DailyMail