CNI Sport News

၂၀၂၂ ခုနှစ်၊ ဧပြီ ၂၂

မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင် မက်ဂွဲယားနဲ့ သူ့ရဲ့ မိသားစုဟာ ဗုံးခွဲတိုက်ခိုက်ခံရဖို့ ခြိမ်းခြောက်မှုတွေ ခံခဲ့ရပေမယ့် ကစားသမားကတော့ အသင်းကနေ ထွက်ခွာမှာမဟုတ်ဘူးလို့ The Sun က ဖော်ပြထားပါတယ်။

မက်ဂွဲယားရဲ့ ပေါင် ၄ သန်းတန်ကြေးရှိတဲ့ ချက်ရှိုင်းယား နေအိမ်မှာ ဖောက်ခွဲရေး ပစ္စည်းတွေ ထားရှိထားတယ်လို့ အီးမေးလ် လက်ခံရပြီးနောက်မှာ ကစားသမားနဲ့ သူ့ရဲ့ မိသားစုဟာ ထိတ်လန့်မှုတွေ ကြုံတွေ့ခဲ့ရတာပါ။

မန်ချက်စတာယူနိုက်တက် အသင်းက လီဗာပူးလ် အသင်းကို ၄ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တဲ့ ပွဲအပြီးနောက် တစ်ရက်အကြာမှာ အခုလို အဖြစ်အပျက်မျိုးကို မက်ဂွဲယား ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။ အထူး ရဲတပ်ဖွဲ့အရာရှိတွေက မက်ဂွဲယားရဲ့ နေအိမ်ကို အလျင်အမြန် ရောက်ရှိလာခဲ့ပြီး ရှာဖွေမှုတွေ ပြုလုပ်ခဲ့ပေမယ့် ဘယ်လိုပစ္စည်း ကိရိယာကိုမှ မတွေ့ခဲ့ရတာပါ။

ဒါပေမယ့် အဆိုပါ ခြိမ်းခြောက်မှုက ပြင်းထန်တယ်လို့ ယူဆရတဲ့အတွက် အနံခံခွေးတွေနဲ့ ပြန်လည်ရောက်ရှိ လာခဲ့ပြီး အနီး တစ်ဝိုက် ဧရိယာမှာ ရှာဖွေမှုတွေ ပြုလုပ်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ ဘာမှတွေ့ရှိခြင်း မရှိခဲ့ပေမယ့် ဒါကို ယူနိုက်တက် ပရိသတ်တစ်ဦးက ဖန်တီးခဲ့တာလို့ ယုံကြည်တာကြောင့် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတာပါ။

မက်ဂွဲယားအိမ်ကို တွေ့ရစဉ်(Twitter)

မက်ဂွဲယားနဲ့ နီးစပ်တဲ့သူတစ်ဦးက “ဒီလိုခြိမ်းခြောက်မှုမျိုးတွေနဲ့ ဟယ်ရီကို ယူနိုက်တက်ကနေ ထွက်ခွာအောင် လုပ်လို့မရပါ ဘူး။ သူ့ရဲ့ နံပတ်တစ် ဦးစားပေးက မိသားစုလုံခြုံရေးပဲ အမြဲတမ်းဖြစ်မှာပါ။ ဒါကို ရင်ဆိုင်ဖို့လည်း သတ္တိတွေရှိပါတယ်။ သူရဲဘောကြောင်တဲ့ ပရိသတ်တစ်ဦးက ဒါကို လုပ်လိုက်ပုံရပါတယ်။ ဒါဟာ ဂုဏ်ယူစရာ ကောင်းတဲ့ ဘောလုံးအသင်း နာမည် ကို အကြီးအကျယ် အရှက်ရစေပါတယ်”လို့ The Sun ကို ပြောခဲ့တာ ဖြစ်ပါတယ်။

မက်ဂွဲယားဟာ ဒီရာသီမှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရတာကြောင့် မကြာခဏဆိုသလို ပရိသတ်တွေရဲ့ ဝေဖန်မှုကို ခံနေရ တာပါ။ အိုင်ဗရီကို့စ်နဲ့ ဝင်ဘာလေမှာ ကစားခဲ့တဲ့ ပွဲတုန်းကလည်း မက်ဂွဲယားဟာ အင်္ဂလန် ပရိသတ်တွေရဲ့ လှောင်ပြောင် ခြင်းကိုတောင် ခံခဲ့ရတာ ဖြစ်ပါတယ်။

လက်စတာ အသင်းကနေ ပေါင်သန်း ၈၀ နဲ့ ရောက်ရှိလာခဲ့တဲ့ မက်ဂွဲယားကို အသင်းခေါင်းဆောင် ရာထူးကနေ လျှော့ချပေးဖို့ မန်ချက်စတာယူနိုက်တက် ပရိသတ်တွေကလည်း တောင်းဆိုမှုတွေ ရှိနေကြတာပါ။

အင်္ဂလန် နောက်ခံလူဟာ ဒီလိုအဖြစ်အပျက်တွေ ကြုံတွေ့ခဲ့ရပေမယ့် အာဆင်နယ် အသင်းနဲ့ ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ်အတွက် မန်ချက်စတာယူနိုက်တက် အသင်းနဲ့ လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ မက်ဂွဲယားဟာ ဒီပွဲမှာလည်း မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ပွဲထွက်လူစာရင်းမှာ ပါဝင်ဖွယ်ရှိနေတာ ဖြစ်ပါတယ်။

Source: The Sun