CNI Sport News

၂၀၂၂ ခုနှစ်၊ ဧပြီ ၂၂

ကမ္ဘာ့နံပတ်(၈) ရုရှားတင်းနစ် ကစားသမား ရူဘလက်ဗ် က ရုရှားနဲ့ ဘယ်လာရုစ် ကစားသမားတွေကို ဝင်ရောက် ယှဉ်ပြိုင်ခွင့် ပိတ်ပင်တဲ့ ဝင်ဘယ်လ်ဒန်ရဲ့ ဆုံးဖြတ်ချက်ဟာ လုံးဝခွဲခြားဆက်ဆံတာ ဖြစ်တယ်လို့ ပြောလိုက်ပါ တယ်။

ရုဘလက်ဗ် ဟာ တစ်နိုင်ငံတည်းသား မက်ဗီဒက်ဗ်၊ဘယ်လာရုစ် တင်းနစ်မယ် ဆာဘလန်ကာတို့နဲ့အတူ တင်းနစ် ပြိုင်ပွဲရဲ့ ထိပ်ဆုံး(၁၀)ဦးထဲမှာ ဝင်ရောက်နေတာပါ။ သူတို့(၃)ဦးအပါအဝင် ရုရှားနဲ့ ဘယ်လာရုစ် ကစားသမား တွေဟာ ဝင်ဘယ်လ်ဒန်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ဆုံးရှုံးခဲ့တာဖြစ်ပါတယ်။ ယူကရိန်းကို ကျုးကျော်တဲ့ လုပ်ရပ်ကြောင့် ရုရှားနဲ့ ဘယ်လာရုစ် ကစားသမားတွေကို ဝင်ဘယ်လ်ဒန် က ပိတ်ပင်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

ရူဘလက်ဗ် က “သူတို့ပေးခဲ့တဲ့ အကြောင်းပြချက်တွေက အဓိပ္ပါယ်မရှိသလို ယုတ္တိလည်း မရှိပါဘူး။ အခု ဖြစ်ပျက် နေတာက ကျနော်တို့အပေါ်မှာ လုံးဝခွဲခြားဆက်ဆံနေတာပါပဲ”လို့ ပြောခဲ့ပါတယ်။ ရူဘလက်ဗ် ဟာ ဆားဘီးယား အိုးပန်းပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နေတာဖြစ်ပြီး ချက်တင်းနစ်ကစားသမား လီဟတ်ကာကို (၄-၆)၊((၇-၆)၊(၆-၂)နဲ့ အနိုင်ရပြီးနောက် အခုလို မှတ်ချက်စကားပြောခဲ့တာပါ။

ရူဘလက်ဗ် ဟာ ဖေဖော်ဝါရီလက စတင်ခဲ့တဲ့ ဒီစစ်ပွဲဖြစ်ပွားပြီး မကြာခင် ဒူဘိုင်းတင်းနစ်ချန်ပီယံရှစ်ပြိုင်ပွဲမှာ စစ်ပွဲအလိုမရှိဆိုတဲ့ စာတန်းကို ကင်မရာမှန်ဘီလူးပေါ်မှာ ရေးသားပြီး လတ်မှတ်ထိုးခဲ့တာဖြစ်ပါတယ်။ ကမ္ဘာ့ နံပတ်(၁) တင်းနစ်ကစားသမား ဂျိုကိုဗစ် က ရုရှားနဲ့ ဘယ်လာရုစ် ကစားသမားတွေကို ပိတ်ပင်တဲ့ ဝင်ဘယ်လ်ဒန် ရဲ့ ရူးကြောင်ကြောင် ဆုံးဖြတ်ချက်ကို ထောက်ခံမပေးနိုင်ဘူးလို့ ပြတ်ပြတ်သားသား ပြောထားတာပါ။

ဝင်ဘယ်လ်ဒန် ပြိုင်ပွဲမှာ တစ်ဦးချင်းချန်ပီယံဆုကို စံချိန်တင်(၉)ကြိမ် ရယူနိုင်ခဲ့တဲ့ နာဗရာတီလိုဗာ က ရုရှားနဲ့ ဘယ်လာရုစ် ကစားသမားတွေမပါဝင်ပါက ဒီပြိုင်ပွဲဟာ သွားရမယ့်လမ်းမဟုတ်ဘူးလို့ ပြောခဲ့တာဖြစ်ပါတယ်။ ဂရမ်းစလမ်း ပြိုင်ပွဲ(၄)ခုထဲက တစ်ခုဖြစ်တဲ့ ဝင်ဘယ်လ်ဒန်ပြိုင်ပွဲကို ဇွန်လ(၂၇)ရက် ကနေ ဇူလိုင်လ (၁၀) ရက်နေ့ ထိ ကျင်းပသွားမှာဖြစ်ပါတယ်။ ဝင်ဘယ်လ်ဒန်အိုးပန်းပြိုင်ပွဲရဲ့ အမျိုးသားတစ်ဦးချင်း လက်ရှိချန်ပီယံ က ဂျိုကိုဗစ် ဖြစ်ပြီး အမျိုးသမီးတစ်ဦးချင်း လက်ရှိချန်ပီယံကတော့ အက်ရှ်လေ ဘာတီ ဖြစ်ပါတယ်။

Source:BBC