CNI Sport News

၂၀၂၂ ခုနှစ်၊ ဧပြီ ၂၁

ဆားဘီးယား တင်းနစ်ကစားသမား ဂျိုကိုဗစ်က ရုရှားနဲ့ ဘယ်လာရုစ် တင်းနစ်ကစားသမားတွေကို ဝင်ဘယ်လ်ဒန် ပြိုင်ပွဲမှာ ယှဉ်ပြိုင်ခွင့် ပိတ်ပင်တဲ့ ပွဲစီစဉ်သူတွေရဲ့ ဆုံးဖြတ်ချက်ကို ဝေဖန်ရှုတ်ချ လိုက်ပါတယ်။

The ALL England Club က ကမ္ဘာ့နံပတ်(၂) အမျိုးသားတင်းနစ် ကစားသမားဖြစ်တဲ့ မက်ဗီဒက်ဗ် အပါအဝင် ဒီ(၂)နိုင်ငံက ကစားသမားတွေကို ဇွန်လ ၂၇ ရက်မှာ ကျင်းပမယ့် ဝင်ဘယ်လ်ဒန် အိုးပန်းပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခဲ့တာပါ။

ယူကရိန်းကို ရုရှားရဲ့ ကျူးကျော်မှုတွေကြောင့် တင်းနစ်ပြိုင်ပွဲ ကျင်းပရေး အကြီးအကဲတွေက ဒီလို ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ ဂျိုကိုဗစ်ကတော့ ဒီစစ်ပွဲဟာ အားကစားသမားတွေကို အပြစ်ပုံချလို့ မရဘူးဆိုပြီး ပိတ်ပင်မှုကို ဆန့်ကျင့်ခဲ့တာပါ။

ဂျိုကိုဗစ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီက ကိုဗစ်ကာကွယ်ဆေး မထိုးတာကြောင့် သြစတြေးလျ အိုးပန်းပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် မရဘဲ သြစတြေးလျ နိုင်ငံအတွင်းကနေ နှင်ထုတ်ခံရတဲ့ ဖြစ်စဉ်ဖြစ်ခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ ဂျိုကိုဗစ်ဟာ ကာကွယ်ဆေး မထိုးတာကြောင့် ပြိုင်ပွဲတွေယှဉ်ပြိုင်ခွင့် ဆုံးရှုံးနေတာပါ။ ဆားဘီးယား ကစားသမားက သူဟာ စစ်ပွဲတွေကို ဆန့်ကျင့်ကြောင်း ပြောပါတယ်။ ဂျိုကိုဗစ်ဟာ စစ်ဘေးသင့် ယူဂိုဆလားဗီးယားမှာ ကြီးပြင်းလာတာကြောင့် ဖြစ်ပေါ်လာတဲ့ စိတ်ဒဏ်ရာကို နားလည်သူလည်း ဖြစ်ပါတယ်။

ဝင်ဘယ်လ်ဒန်က တင်းနစ်ကစားခွင့်ပိတ်ပင်ခံလိုက်ရတဲ့ ရုရှားတင်းနစ်ကစားသမား(Fox Sports)

ဂျိုကိုဗစ်က “ကျနော်ဟာ အမြဲတမ်းစစ်ပွဲကို ရှုတ်ချတဲ့ ပထမဆုံးသောသူ ဖြစ်ပါလိမ့်မယ်။ စစ်ပွဲကို ကြုံတွေ့ခဲ့ရတဲ့ ကလေး ငယ် တစ်ယောက်အနေနဲ့ စစ်ပွဲတစ်ခုရဲ့ စိတ်ဒဏ်ရာက ဘယ်လိုမျိုး ထွက်သွားလဲဆိုတာကို ကျနော်သိပါတယ်။ ကျနော်တို့ ဆားဘီးယားမှာ ၁၉၉၉ ခုနှစ်က ဖြစ်ပျက်ခဲ့တာကို ကျနော်သိပါတယ်။ သာမန်လူတွေက အမြဲတမ်း ဒုက္ခခံ စားကြရပါတယ်။ ဘောလ်ကန်မှာလည်း စစ်ပွဲတွေ အများကြီး ရှိခဲ့ဖူးပါတယ်”လို့ ပြောပါတယ်။

ဒါ့အပြင် ဂျိုကိုဗစ်က “ဒီလိုပြောခဲ့တယ်ဆိုပေမယ့် ဝင်ဘယ်လ်ဒန်ရဲ့ ဆုံးဖြတ်ချက်ကို ကျနော် မထောက်ခံနိုင်ပါဘူး။ ဒါက အားကစားသမားတွေရဲ့ အပြစ်မဟုတ်ပါဘူး။ နိုင်ငံရေးကနေ အားကစားကို အနှောင့်အယှက်ပေးတဲ့ အခါမှာ များသောအား ဖြင့် ဒါက မကောင်းပါဘူး”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

ATP ကလည်း ဝင်ဘယ်လ်ဒန်ရဲ့ ဆုံးဖြတ်မှုဟာ ခွဲခြားဆက်ဆံခံရပြီး ထိခိုက်စေတဲ့ စံနမူနာတစ်ခု ဖြစ်တယ်လို့ ပြောခဲ့ပါ တယ်။

ATP က “ရုရှားနဲ့ ဘယ်လာရုစ် ကစားသမားတွေကို ဖယ်ထုတ်တဲ့ ဝင်ဘယ်လ်ဒန်နဲ့ LTA တို့ရဲ့ တစ်ဖက်သတ် ဆုံးဖြတ်ချက် ဟာ မျှတမှုမရှိတဲ့အပြင် ကစားပွဲကို ထိခိုက်စေတဲ့ စံနမူနာ ဖြစ်တယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ ကစားသမား ဝင်ရောက် ခွင့် ရရှိတာဟာ ATP ရဲ့ အဆင့် သတ်မှတ်ချက် ပေါ်မှာသာ မူတည်တာဖြစ်ပြီး နိုင်ငံသားကို အခြေခံတဲ့ ခွဲခြားဆက်ဆံမှုဟာ ကျနော်တို့နဲ့ ဝင်ဘယ်လ်ဒန်ရဲ့ သဘောတူညီမှုကို ချိုးဖောက်ရာ ရောက်တယ်”လို့ ထုတ်ပြန်ခဲ့ပါတယ်။

Source: The Sun/ Bangkokpost