CNI Sport News

၂၀၂၃ ခုနှစ်၊ မတ်လ ၁၇

ယူနိုက်တက်အသင်းခေါင်းဆောင် မက်ဂွဲယားက သူဟာ အသင်းရဲ့ အရေးပါတဲ့အခန်းကဏ္ဍမှာ ပါဝင်တယ်လို့ ဘက်တစ်အသင်းကို အနိုင်ရခဲ့တဲ့ ယူရိုပါလိဂ်ပွဲအပြီးမှာ ပြောခဲ့ပါတယ်။

မက်ဂွဲယားက “ကျနော်ဟာ ကလပ်အသင်းရဲ့ ကွင်းအတွင်းရော ကွင်းပြင်ပမှာပါ အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။ပွဲကစားရတာပဲဖြစ်ဖြစ်၊ မကစားရတာပဲဖြစ်ဖြစ် ကလပ်အသင်းကို အောင်မြင်အောင်လုပ်ဖို့ နေ့တိုင်းကြိုးစားနေပါတယ်။ဒါက လက်ရှိအချိန်မှာ ကျနော်အဓိက အာရုံစိုက်နေတဲ့အရာပါ။ကျနော်ဟာ ပွဲတွေကို ပိုပြီးကစားချင်ပါတယ်။ဒါပေမယ့် ကွင်းအတွင်းရော ကွင်းပြင်ပမှာပါ ကျနော်ပါဝင်ကစားနေပါတယ်” လို့ ပြောခဲ့တာပါ။

မက်ဂွဲယားဟာ ကမ္ဘာ့ဖလားအပြီး ၅ ပွဲမြောက်ပွဲစကတည်းက ပါဝင်ကစားခဲ့ရတဲ့ ပွဲစဉ်အဖြစ် ဘက်တစ်အသင်းနဲ့ ယူရိုပါလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်မှာ ပါဝင်ခဲ့ပါတယ်။ဒီပွဲမှာ ယူနိုက်တက်အသင်းက ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ် ၅ ဂိုး-၁ ဂိုးနဲ့ ယူရိုပါလိဂ်ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တာပါ။ မက်ဂွဲယားဟာ ၂၀၁၉ က လက်စတာအသင်းကနေ ပေါင်သန်း ၈၀ နဲ့ ယူနိုက်တက်အသင်းကို ရောက်ရှိလာခဲ့တာ ဖြစ်ပြီး နည်းပြဟောင်း ဆိုးလ်ရှားလက်ထက်မှာ အသင်းခေါင်းဆောင်အဖြစ် တာဝန်ပေးခြင်းခံခဲ့ရပါတယ်။

ဒါပေမယ့် ဒတ်ချ်လူမျိုးနည်းပြ အဲရစ်တန်ဟတ်လက်ထက်မှာတော့ မက်ဂွဲယားဟာ ပွဲကစားခွင့်ရဖို့ ရုန်းကန်နေရ ပြီး အရန်ကစားသမားအဖြစ်သာ ပါဝင်နေရတာပါ။အဲရစ်တန်ဟတ်ဟာ လီဆန်ဒရိုမာတီးနတ်ဇ်နဲ့ ဗာရန်းတို့ကိုသာ အဓိက ဗဟိုနောက်ခံလူအဖြစ် ပွဲထွက်အသုံးပြုနေတာဖြစ်ပါတယ်။ အင်္ဂလန်ကစားသမားကတော့ သူ့ရဲ့ ပွဲထွက် ခွင့်နေရာကို ပြန်လည်ရယူနိုင်ဖို့အတွက် လေ့ကျင့်ရေးကွင်းမှာ အလုပ်ကို ပိုပြီးကြိုးကြိုးစားစား လုပ်ဆောင် နေတယ်လို့ ပြောခဲ့တာပါ။

အသက် ၃၀ အရွယ်ရှိ မက်ဂွဲယားဟာ ဒီရာသီမှာ ယူနိုက်တက်အတွက် ပွဲပေါင်း ၂၃ ပွဲသာ ပါဝင်ကစားခွင့် ရထားပေမယ့် အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်ကတော့ ယူရို ၂၀၂၄ ခြေစစ်ပွဲဝင်မယ့် အသင်းလူစာရင်းမှာ သူ့ကို ရွေးချယ်ထားတာဖြစ်ပါတယ်။မက်ဂွဲယားဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း အင်္ဂလန်အသင်းခံစစ်ကို ဦးဆောင်နိုင်ခဲ့ပြီး ပွဲတိုင်းနီးပါး ပါဝင်ကစားကာ ခြေစွမ်းပြသနိုင်ခဲ့တာပါ။

ဒါပေမယ့် ယူနိုက်တက်အသင်းမှာ ပွဲကစားခွင့်ရဖို့ ရုန်းကန်နေရတာကြောင့် လာမယ့်နွေရာသီ အပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာဖို့ တိုက်တွန်းမှုတွေ ခံနေရတာဖြစ်ပါတယ်။ မက်ဂွဲယားဟာ ယူနိုက်တက်အသင်းကို ရောက်ရှိလာပြီးကတည်းက ၁၆၇ ပွဲ ပါဝင်ကစားထားပြီး ၇ ဂိုးသွင်းယူထားပါတယ်။

Source:BBC