CNI Sport News

၂၀၂၃ ခုနှစ်၊ မတ်လ ၁၇

အခုနှစ်ထဲ သြစတြေးလျနဲ့ နယူးဇီလန်မှာ ကျင်းပမယ့် အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲကို Visit Saudi က စပွန်ဆာ ပေးမှာ မဟုတ်ဘူးလို့ ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုက ပြောလိုက်ပါတယ်။

အင်ဖန်တီနိုက “Visit Saudi နဲ့ ဆွေးနွေးမှုတွေရှိခဲ့ပေမယ့် အဆုံးမှာတော့ စာချုပ်တစ်ခုဖြစ်ပေါ်လာခြင်း မရှိပါဘူး။ ဒါကြောင့် လက်ဖက်ရည်ခွက်ထဲမှာ မုန်တိုင်းကျရောက်သွားခဲ့ပါတယ်။ဒါပေမယ့် ဖီဖာဟာ နိုင်ငံပေါင်း ၂၁၁ နိုင်ငံနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခုပါ။ဆော်ဒီ၊တရုတ်၊ အမေရိကန်၊ ဘရာဇီးလ် ဒါမှမဟုတ် အိန္ဒိယတို့ဆီကနေ စပွန်ဆာယူတာ မှားစရာအကြောင်းဘာမှမရှိပါဘူး” လို့ ကီဂါလီမှာ ကြာသပတေးနေ့က ပြုလုပ်ခဲ့တဲ့ ဖီဖာ ကွန်ဂရက်မှာ ပြောခဲ့တာပါ။

ဆော်ဒီခရီးသွားဘုတ်အဖွဲ့ဟာ အသင်းပေါင်း ၃၂ သင်းနဲ့ တိုးချဲ့ပြီးကျင်းပမယ့် အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲ အတွက် အလားအလာရှိတဲ့ စပွန်ဆာအဖြစ် သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် ပြင်းပြင်းထန်ထန်ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။သြစတြေးလျအက်ဖ်အေက ဒါဟာ သူတို့ရဲ့ အမြင်တွေနဲ့ လိုက်လျောညီထွေမှုမရှိဘဲ သူတို့ရဲ့ မျှော်လင့်ချက်တွေ ပျက်ပြားသွားခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့တာပါ။ အမေရိကန် ဝါရင့်တိုက်စစ်မှူး အဲလက်စ်မော်ဂန်ကလည်း ဒီအစီအစဉ်ကို ဝေဖန်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

Visit Saudi က စပွန်ဆာပေးမှာကို ဝေဖန်သူတွေဟာ ဆော်ဒီနဲ့သြစတြေးလျရှိ ကုမ္ပဏီတွေကြားရှိပြီးသား စီးပွားဖြစ်အစီအစဉ်တွေကိုတော့ လျစ်လျူရှုခဲ့တယ်လို့ အင်ဖန်တီနိုက ပြောခဲ့တာပါ။

အင်ဖန်တီနိုက “သြစတြေးလျကို ရောက်တဲ့အချိန်မှာ သူတို့ဟာ ဆော်ဒီနဲ့ တစ်နှစ်ကို ဒေါ်လာ ၁.၅ ဘီလီယံ တန်ဖိုးရှိ ကုန်သွယ်မှုတွေရှိပါတယ်။ဒါကိုရော ပြဿနာတစ်ခုလို့ မထင်ဘူးလား။ ကျနော်တကယ်နားမလည်တဲ့ စံနှုန်း ၂ ခုရှိပါတယ်။စာချုပ်မချုပ်တာက ကိစ္စမရှိပေမယ့် ဆော်ဒီစပွန်ဆာတွေနဲ့ ကာတာက အမျိုးဘောလုံးတွေမှာ ဘယ်လိုပါဝင်နိုင်မလဲဆိုတာကို ကျနော်တို့ မြင်ချင်ပါတယ်” လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲကို ဇူလိုင် ၂၀ ရက်ကနေ သြဂုတ် ၂၀ ရက်အထိ ကျင်းပသွားမှာဖြစ်ပြီး လက်ရှိ ချန်ပီယံကတော့ အမေရိကန်အသင်းဖြစ်ပါတယ်။

Source:ChannelNewsAsia