CNI Sport News

၂၀၂၃ ခုနှစ်၊ မတ်လ ၁၇

ပရီးမီးယားလိဂ်ကလပ် ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ၁၂ ပွဲဆက် နိုင်ပွဲပျောက်ဆုံးပြီးနောက် နည်းပြဖြစ်သူ ဗီအဲရာကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီ ဖြစ်ပါတယ်။

ခရစ္စတယ်ပဲလေ့စ် အသင်းဟာ ၂၀၂၃ ထဲမှာ နိုင်ပွဲ လုံးဝမရသေးဘဲ နောက်ဆုံး ကစားတဲ့ပွဲမှာ ဘရိုက်တန်အသင်း ကို ၁ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့ကာ ၃ ပွဲဆက် ရှုံးပွဲကြုံတွေ့ခဲ့တာပါ။

ခရစ္စတယ်ပဲလေ့စ်အသင်းဟာ အမှတ်ပေးဇယားအဆင့် ၁၂ နေရာမှာ ရပ်တည်နေပေမယ့် တန်းဆင်းဇုန်အဆင့် ၁၈ က ဘုန်းမောက်အသင်းနဲ့ ၃ မှတ်သာကွာဟပြီး ဘုန်းမောက်အသင်းဟာ ပွဲကစားဖို့ ၁ ပွဲကျန်ရှိနေတာ ဖြစ်ပါတယ်။

ခရစ္စတယ်ပဲလေ့စ်ဥက္ကဋ္ဌ စတိဗ်ပါရစ်က “ခက်ခဲတဲ့ ဆုံးဖြတ်ချက်ကို ချလိုက်ရတာပါ။ မကြာသေးခင် လတွေ အတွင်းက ရလဒ်တွေက ကျနော်တို့ကို လိဂ်မှာ မရေရာတဲ့ အနေအထားမှာ ရှိနေစေခဲ့ပါတယ်။ ပရီးမီးယားလိဂ် အဆင့်အတန်းကို ဆက်ထိန်းထားနိုင်ဖို့အတွက် အပြောင်းအလဲတစ်ခု လိုအပ်တယ်လို့ ခံစားရကြောင်း” ပြောခဲ့ တာပါ။

ဗီအဲရာကို တွေ့ရစဉ်

ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ၂၀၂၁-၂၂ ရာသီ မစတင်ခင်က ဗီအဲရာကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ပြီး အဆင့် ၁၂ နေရာနဲ့ ရာသီအဆုံးသတ်ခဲ့ကာ အသင်းကို တိုက်စစ်ကစားပုံစတိုင် ပြုလုပ်ပေးခဲ့လို့ ချီးကျူးမှုတွေ ရရှိခဲ့ပါတယ်။

ဒါပေမယ့် အခုနှစ် ရာသီမှာတော့ အသင်းဟာ ၂၇ ပွဲ ကစားအပြီးမှာ ၂၁ ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး သူတို့ထက် သွင်းဂိုး နည်းတာဆိုလို့ ဝုလ်ဗ်စ်၊ အဲဗာတန်နဲ့ ဆောက်သမ်တန်အသင်းတို့သာ ရှိခဲ့တာပါ။

ဘရိုက်တန်အသင်းကို အရေးမနိမ့်ခင်မှာ ပဲလေ့စ်အသင်းဟာ ၃ ပွဲဆက်တိုက် ဂိုးပေါက်တည့်မှု မရှိခဲ့ပါဘူး။

ဗီအဲရာရဲ့ နည်းပြအဖွဲ့ဝင် ၃ ဦးစလုံးကလည်း အသင်းကနေ ထွက်ခွာခဲ့ပြီး ကလပ်အသင်းကတော့ နည်းပြသစ် ရှာဖွေရေး လုပ်ငန်းစဉ်တွေကို လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

ခရစ္စတယ်ပဲလေ့စ်အသင်းဟာ တနင်္ဂနွေနေ့မှာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ဗီအဲရာရဲ့ အသင်းဟောင်း အာဆင်နယ် အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: BBC