CNI Sport News

၂၀၂၃ ခုနှစ်၊ မတ်လ ၁၈

ပေါ်တူဂီအသင်းနည်းပြ မာတီးနတ်ဇ်က ရော်နယ်ဒိုဟာ အသင်းအတွက် အလွန်အရေးပါတဲ့သူ ဖြစ်တယ်လို့ ယူရို ၂၀၂၄ ပြိုင်ပွဲ ခြေစစ်ပွဲအတွက် လူစာရင်း ထုတ်ပြန်ခဲ့တာမှာ ပြောလိုက်ပါတယ်။

မာတီးနတ်ဇ်က “ရော်နယ်ဒိုဟာ နိုင်ငံအသင်းအတွက် အလွန်စိတ်အား ထက်သန်တဲ့ ကစားသမားပါ။ ရော်နယ်ဒို ဟာ အသင်းအတွက် သူ့ရဲ့ အတွေ့အကြုံတွေ ယူဆောင်ပေးလာနိုင်ပြီး အလွန်အရေးပါတဲ့ သူပါ။ အသက်အရွယ်နဲ့ တခြား ရှုထောင့်တွေကို ကျနော် မကြည့်ပါဘူး။ ရော်နယ်ဒိုဟာ အသင်းကို အကူအညီပေးဖို့နဲ့ သူ့ရဲ့ ကစားသမား ဘဝ အတွေ့အကြုံတွေကို တခြား ကစားသမားတွေဆီ ပို့ဆောင်ပေးနိုင်ဖို့ အခွင့်အရေး ရှိတယ်လို့ ကျနော် ထင်ပါ တယ်။ ဒီအဆင့်က ဒီမှာရှိနေတဲ့ ကစားသမားတွေအတွက် အရေးပါပါတယ်။ ကျနော်တို့ဟာ အနိုင်ရတဲ့အသင်း၊ ပြိုင်ဆိုင်မှုရှိတဲ့ အသင်းဖြစ်အောင် လုပ်ချင်ပါတယ်”လို့ ပြောခဲ့တာပါ။

ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ အသက် ၃၈ နှစ်အရွယ်ရှိ ရော်နယ်ဒိုရဲ့ လက်ရွေးစင် အနာဂတ်နဲ့ ပတ်သက်တဲ့ မေးခွန်းတွေ အများကြီး ထွက်ခဲ့ပါတယ်။

ပေါ်တူဂီ အသင်းခေါင်းဆောင်ဟာ နည်းပြဟောင်း ဖာနန်ဒိုဆန်းတို့စ်ရဲ့ ကမ္ဘာ့ဖလားနောက်ဆုံး ၂ ပွဲမှာ လူစားဝင် ကစားသမားအဖြစ်သာ ပါဝင်ခဲ့ရပေမယ့် နည်းပြသစ် မာတီးနတ်ဇ်ကတော့ သူ့ကို ပွဲထွက် ကစားသမားအဖြစ် အသုံးပြုသွားဖို့ ရှိနေတာပါ။

ရော်နယ်ဒိုနဲ့ မာတီးနတ်ဇ်ကိုတွေ့ရစဉ်

ရော်နယ်ဒိုဟာ ပေါ်တူဂီအသင်းအတွက် ၁၉၆ ပွဲ ကစားထားအပြီးမှာ စံချိန်တင် ၁၁၈ ဂိုး သွင်းယူထားကာ နိုင်ငံတကာ ဂိုးသွင်း အများဆုံး ကစားသမားအဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ လက်ရှိအချိန်မှာ ဆော်ဒီကလပ် အယ်လ်နာဆာအသင်းအတွက် ပါဝင်ကစားပေးနေပြီး ၉ ပွဲမှာ ၈ ဂိုးအထိ သွင်းယူထားကာ ဖေဖော်ဝါရီလအတွက် ဆော်ဒီလိဂ်ရဲ့ တစ်လတာ အကောင်းဆုံး ကစားသမားဆုကို ရယူနိုင်ခဲ့တာပါ။
ယူရိုခြေစစ်ပွဲ ကစားမယ့် ပေါ်တူဂီအသင်း လူစာရင်းမှာ ဝါရင့်နောက်ခံလူ ပီပီ၊ ဘာနာဒိုဆေးလ်ဗား၊ ဘရူနို ဖာနန် ဒက်စ်၊ ဂျာအိုဖိလစ်၊ ရာဖေးလ်လီယိုတို့ ပါဝင်နေခဲ့တာ ဖြစ်ပါတယ်။

မာတီးနတ်ဇ်က “ပေါ်တူဂီ ကစားသမားတွေရဲ့ အရည်အသွေးတွေကို ပြသနိုင်တဲ့ အသင်းတစ်သင်းကို တည် ဆောက် ချင်ပါတယ်။ ဒါက စမှတ်ဖြစ်ပြီး အရည်အသွေးတွေ၊ အတွေ့အကြုံတွေ၊ လူငယ်၊ ပြည်တွင်းမှာရော၊ ပြည်ပမှာပါ ကစားတဲ့ ကစားသမားတွေကို ကျနော်မြင်ပါတယ်။ နိုင်ငံအသင်းအတွက် သူတို့တွေအားလုံးရဲ့ ကတိကဝတ်တွေ အများကြီးကို ကျနော်တွေ့ခဲ့ရပါတယ်”လို့ ပြောခဲ့တာပါ။

ပေါ်တူဂီအသင်းဟာ ယူရို ၂၀၂၄ ခြေစစ်ပွဲအဖြစ် မတ်လ ၂၃ ရက်မှာ လက်ချင်စတိန်းနဲ့ အိမ်ကွင်း၊ နောက် ၃ ရက် အကြာ လူဇင်ဘတ်နဲ့ အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: ESPN