ရှန်ဟိုင်း၊စက်တင်ဘာ ၂

တရုတ်နိုင်ငံတွင် အသက် ၁၈ အောက် ကလေးငယ်များ အွန်လိုင်းမှဗီဒီယိုဂိမ်းကစားခြင်းကို ရက်သတ္တတစ်ပတ် လျှင် ၃ နာရီထက်ပို၍ ဆော့ကစားခြင်းမပြုရန် တားမြစ်ထားပြီး စိတ်ပိုင်းဆိုင်ရာစွဲလမ်းနည်းတစ်ခုမှ ကလေးငယ် များ ရုန်းထွက်နိုင်အောင် ပြုပြင်ပေးဖို့လိုအပ်ကြောင်း Channel News Asia ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

အရွယ်မရောက်သေးသူများကို အပတ်စဉ်သောကြာ၊ စနေနှင့်တနင်္ဂနွေနေ့တို့တွင် တစ်နေ့လျှင် တစ်နာရီနှုန်း ည ၈ နာရီမှ ည ၉ နာရီအထိသာ ဂိမ်းဆော့ရန် သတ်မှတ်လိုက်ကြောင်း ဆင်ဟွာ သတင်းအေဂျင်စီ၏ အဆိုအရ သိရသည်။ အများပြည်သူအားလပ်ရက်များတွင် တစ်နာရီတည်းသာ ဆော့ကစားခွင့်ပြုခြင်းဖြစ်သည်။

ဩဂုတ် ၃၀ ရက်က ထုတ်ပြန်ခဲ့သော အဆိုပါတားမြစ်ချက်မှာ ဘေဂျင်း၏အရေးပါသော အပြောင်းအလဲ လုပ်ဆောင်ချက်တစ်ခုဖြစ်ပြီး နည်းပညာ၊ပညာရေးနှင့်ပိုင်ဆိုင်မှုစသည့် အချက်အချာကျသော အခန်းကဏ္ဍများ အပါအဝင် လူ့အဖွဲ့အစည်းနှင့် စီးပွားရေးနယ်ပယ်တို့ ထိန်းချုပ်မှုအားကောင်းစေရန် ရည်ရွယ်ကြောင်း သိရသည်။

မိုဘိုင်းလ်ဖုန်းများအပါအဝင် မည်သည့်စက်ပစ္စည်းနှင့်မဆို သက်ဆိုင်သော ကန့်သတ်မှုများသည် ကမ္ဘာပေါ်တွင် အမြတ်အစွန်းအများဆုံးရသည့် ဂိမ်းဈေးကွက်ထဲရှိ သန်းနှင့်ချီသော လူငယ်ကစားသမားများပေါ် တည်မှီနေရ သော ကမ္ဘာလုံးဆိုင်ရာ ဂိမ်းလုပ်ငန်းကို ထိခိုက်စေသည်။

တရုတ်အမျိုးသားရိုက်နှိပ်ထုတ်ဝေရေးအာဏာပိုင်အဖွဲ့ (NPPA) မှ သတ်မှတ်သည့် အဆိုပါကန့်သတ်ချက်များ သည် တရုတ်နည်းပညာကုမ္ပဏီများဖြစ်သော အလီဘာဘာနှင့် Tencent တို့ကို အကြီးအကျယ် ပိတ်ဆို့ရာ ရောက်သည်။

အစိုးရပိုင်မီဒီယာများမှ ဖော်ပြလိုက်သော ယင်းကန့်သတ်ချက်တို့ကြောင့် ပြည်တွင်း၊ ပြည်ပ ရောင်းဝယ် ဖောက်ကားနေသော အစုရှယ်ယာများမှ ဘီလီယံနှင့်ချီသော ဒေါ်လာများ စီးဆင်းလည်ပတ်မှုကို အဟန့် အတားဖြစ်ခဲ့သည်။

“ဆယ်ကျော်သက်များသည် ကျနော်တို့အမိမြေ၏အနာဂတ်များဖြစ်သည်” ဟု အမည်မဖော်လိုသူ NPPA ပြောရေးဆိုခွင့်ရှိတစ်ဦးကို ကိုးကား၍ ဆင်ဟွာက ရေးသားဖော်ပြသည်။ အရွယ်မရောက်သေးသူများ၏ ရုပ်ပိုင်းဆိုင်ရာနှင့်စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို ကာကွယ်ခြင်းသည် ပြည်သူများအတွက် အရေးကြီးသော အကျိုးစီးပွားများနှင့် ဆက်စပ်ကြောင်း၊ တရုတ်အမျိုးသားပြန်လည်နုပျိုစေသည့်ခေတ်သစ်တွင် လူငယ် မျိုးဆက်သစ်များအား ပြုစုပျိုးထောင်ရမည်ဖြစ်ကြောင်း NPPA က ဆိုထားသည်။

ဂိမ်းကုမ္ပဏီများအနေဖြင့် သတ်မှတ်ထားသောအချိန်ပြင်ပ၌ မည်သည့်ပုံစံနှင့်မဆို ဝန်ဆောင်မှုပေးခြင်းကို တားမြစ်ထားပြီး ၎င်းတို့အမည်ရင်းကို အွန်လိုင်းပေါ်မှ စိစစ်ပေးသည့် verification စနစ် သေချာစွာထည့်သွင်း ရမည်ဟု တရုတ်ဗီဒီယိုဂိမ်းဈေးကွက်ကို ကြီးကြပ်နေသည့် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ထုတ်ပြန်ထားသည်။

၂၀၁၉ ခုနှစ် စည်းမျဉ်းများအရ ပိတ်ရက်များတွင် ၃ နာရီသာ ဂိမ်းကစားခွင့် ကန့်သတ်ထားခြင်းဖြစ်သည်။