CNI News
၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၁၁
မြန်မာနေရှင်နယ်လိဂ် အသင်းတစ်သင်းဖြစ်သည့် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ကွင်းလယ် ကစားသမား မောင်မောင်လွင်တို့ နှစ်ဦးသဘောတူညီမှုဖြင့် စာချုပ်ဖျက်သိမ်းလိုက်ကြောင်း ရန်ကုန်ယူနိုက်တက်အသင်းက ထုတ်ပြန် ကြေညာခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ကွင်းလယ်ကစားသမား မောင်မောင်လွင်တို့သည် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၁၁ ရက်နေ့မှစတင်ကာ ကစားသမား၏ ဆန္ဒအလျောက် နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းလိုက်ပြီ ဖြစ်ပါသည်ဟု ဆိုထားသည်။
သို့သော် မည်သည့် အကြောင်းကိစ္စကြောင့် ယခုလို နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းခြင်းဖြစ်သည်ကိုတော့ ဖော်ပြ မထားပေ။
၂၀၁၈ ဘောလုံးရာသီမှ စတင်ကာ မောင်မောင်လွင်သည် ရန်ကုန်ယူနိုက်တက်အသင်းနှင့်အတူ ခြေစွမ်းပြကစားခဲ့ပြီး ၂၀၁၈ ကွင်းဖွင့်ဖလားချန်ပီယံ၊ ၂၀၁၈ မြန်မာနေရှင်နယ်လိဂ်ချန်ပီယံ၊ ၂၀၁၈ နှင့် ၂၀၁၉ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ချန်ပီယံ စသည့် ဆုများကို ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် ကစားသမား တစ်ဦးဖြစ်ကြောင်း ရန်ကုန်ယူနိုက်တက်အသင်း၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။
ထို့ပြင် ကွင်းလယ်ကစားသမား မောင်မောင်လွင် အနေဖြင့် ရှေ့ဆက် လျှောက်မည့်ခရီးလမ်းတွင် အောင်မြင်မှုများ ရရှိပါ စေကြောင်းနှင့် အသင်းအပေါ်ပေးဆပ်၍ အောင်မြင်မှုများ ရရှိအောင် ကြိုးစားကစားခဲ့သည်များကို ရန်ကုန်ယူနိုက်တက် အသင်းအနေဖြင့် အစဉ်အမှတ်ရ အသိအမှတ်ပြုနေမည်ဖြစ်ပါသည်ဟု ဆိုသည်။