CNI Sport News

၂၀၂၂ ခုနှစ်၊ဇွန်လ ၂၈

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းဟာ ပြီးခဲ့တဲ့ ဆီးဂိမ်းစ်ပြိုင်ပွဲမှာ ကိုင်တွယ်ခဲ့တဲ့ ဦးတင်မြင့်အောင်ရဲ့ နေရာ မှာ လက်ရွေးစင်ဟောင်း ဒေါ်သက်သက်ဝင်းကို နည်းပြချုပ်အဖြစ်ခန့်အပ်လိုက်တယ်လို့ သိရပါတယ်။

ဒေါ်သက်သက်ဝင်းဟာ ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပမယ့် အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲမှာ လက်ရွေးစင်အသင်းရဲ့နည်းပြချုပ်အဖြစ် တာဝန်ယူဆောင်ရွက်ရတော့မှာပါ။ဒေါ်သက်သက်ဝင်းဟာ ဇွန်လ ၉ ရက် က စတင်ပြီး မြန်မာ့လက်ရွေးစင်အသင်းကို ကိုင်တွယ်နေတာဖြစ်ပြီး ပဏာမကစားသမား ၃၅ ဦးနဲ့လေ့ကျင့်မှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းဟာ ဒီပြိုင်ပွဲရဲ့အုပ်စု B မှာ ဗီယက်နမ်၊လာအို၊ ကမ္ဘောဒီးယား၊ အရှေ့တီမောတို့နဲ့ တစ်အုပ်စုတည်းကျရောက်နေတာပါ။

ဒီပြိုင်ပွဲကို ဇူလိုင်လ ၂ ရက်ကနေ ၁၇ ရက်အထိ ကျင်းပသွားမှာဖြစ်ပါတယ်။မြန်မာ့လက်ရွေးစင်အမျိုးသမီး အသင်းဟာ ၂၀၁၉ က နောက်ဆုံးကျင်းပခဲ့တဲ့ ဒီပြိုင်ပွဲမှာ ဖိလစ်ပိုင်အသင်းကို အနိုင်ရပြီး တတိယရရှိခဲ့တာပါ။ အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲမှာ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းဟာ ၂၀၀၄ နဲ့ ၂၀၀၇ ခုနှစ်တွေ တုန်းက ချန်ပီယံဆု ၂ ကြိမ် ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းဟာ နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ အမျိုးသမီးအာရှဖလားနဲ့ ဆီးဂိမ်းစ်ပြိုင်ပွဲ တွေမှာ ရလဒ်တွေမကောင်းတာကြောင့် နည်းပြအပြောင်းအလဲပြုလုပ်ခဲ့ရတာပါ။အမျိုးသမီးအာရှဖလားပြိုင်ပွဲမှာ အုပ်စုအဆင့်နဲ့သာ ကျေနပ်ခဲ့ရပြီး ဆီးဂိမ်းစ်ပြိုင်ပွဲမှာတော့ ကြေးတံဆိပ်တောင်မရခဲ့ဘဲ ပြန်လာခဲ့ရတာ ဖြစ်ပါ တယ်။ဒေါ်သက်သက်ဝင်းဟာ အရင်ကလည်း လက်ရွေးစင်အမျိုးသမီးအသင်းကို နည်းပြချုပ်အဖြစ် တာဝန်ယူ ခဲ့ပါသေးတယ်။

ဒေါ်သက်သက်ဝင်းဟာ ၂၀၁၆ က အိုလံပစ်အမျိုးသမီးဘောလုံးပြိုင်ပွဲမှာ လက်ရွေးစင်အမျိုးသမီးအသင်းကို ယာယီနည်းပြချုပ်အဖြစ် ကိုင်တွယ်ခဲ့ပါတယ်။၂၀၁၈-၁၉ မှာ အသက် ၁၉ နှစ်အောက် အမျိုးသမီးအသင်းကို ကိုင်တွယ်ခဲ့ပြီး အသက် ၁၉ နှစ်အောက် အာရှအမျိုးသမီးပြိုင်ပွဲ ဝင်ခွင့်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တာပါ။ဒါ့အပြင် ဒေါ်သက်သက်ဝင်းဟာ လက်ရွေးစင်အမျိုးသမီးနည်းပြဟောင်းတွေဖြစ်တဲ့ ဂျပန်နည်းပြ ကုမာဒါနဲ့ နယ်သာလန် နည်းပြ ရော်ဂျာတို့လက်ထက်မှာလည်း လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။