ဒိုဟာ အောက်တိုဘာ ၁၆

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA)နှင့် ညှိနှိုင်းပြီးနောက် ကာတာအစိုးရက အာဖဂန်နစ္စတန်နိုင်ငံမှ ဘောလုံးသမား ၁၀၀ နီးပါးနှင့် ၎င်းတို့၏ မိသားစုဝင်များကို ကယ်ထုတ်ခဲ့ကြောင်း ဒိုဟာမြို့ရှိတာဝန်ရှိသူများက အတည်ပြုပြောကြားကြောင်း အယ်လ်ဂျာ ဇီးယားမှ ရေးသားဖော်ပြထားသည်။

အဆိုပါအဖွဲ့သည် အောက်တိုဘာ ၁၄ ရက်က ခရီးသည် ၃၅၇ ဦး တင်ဆောင်၍ ပျံသန်းလာသော လေယာဉ်ဖြင့် ကဘူးလ်မြို့မှ ဒိုဟာမြို့သို့ စီးနင်းလိုက်ပါလာခဲ့ကြောင်း၊ အာဖဂန်နစ္စတန်ဘောလုံးလောကမှ အမျိုးသမီး အားကစားမယ်များလည်း ထိုအဖွဲ့ တွင် ပါဝင်ကြောင်း သိရသည်။

၎င်းတို့၏ လေကြောင်းခရီးစဉ်သည် တာလီဘန်များ အာဖဂန်နစ္စတန်နိုင်ငံကို ဩဂုတ်လနှောင်းပိုင်း ထိန်းချုပ်ခဲ့ပြီးနောက် ကာတာနိုင်ငံသို့ အဋ္ဌမအကြိမ်မြောက်နှင့် ခရီးသည်အများဆုံး တင်ဆောင်ပျံသန်းသည့် ခရီးစဉ်လည်း ဖြစ်သည်။

အဆိုပါလေယာဉ်သည် ကာတာမြို့သို့ ဆိုက်ရောက်ပြီးနောက် ဒိုဟာမြို့တော်၏ အနောက်ဘက်ခြမ်းရှိ အခြား အာဖဂန် အရပ်သားများကို နေရာချထားပေးသော ကယ်ဆယ်ရေးစခန်းများသို့ ပို့ဆောင်ပေးခဲ့သည်။

အာဖဂန်အားကစားသမားများနှင့် ၎င်းတို့၏ မိသားစုဝင်များကို ထွက်ခွာလာနိုင်စေရန်အတွက် ခက်ခဲရှုပ်ထွေးစွာ ညှိနှိုင်းခဲ့ပြီး နောက် ကယ်ထုတ်နိုင်ခဲ့သည့် ကာတာအစိုးရ၏ စွမ်းဆောင်မှုကို မိမိတို့ အသိအမှတ်ပြုကြောင်း FIFA က အတည်ပြု ပြောကြားခဲ့သည်။

ကာတာနိုင်ငံ၏မြို့တော်သို့ မရောက်မီအထိ ၎င်းအားကစားသမားများသည် အန္တရာယ်အများဆုံးရှိနေကြောင်း ယူဆသည်ဟု FIFA က ဆက်လက် ပြောကြားခဲ့သည်။

တာလီဘန်တို့ သိမ်းပိုက်ပြီးချိန်မှစ၍ အာဖဂန်အမျိုးသမီး ဘောလုံးသမား အများအပြားသည် အာဖဂန်နစ္စတန်တွင် ပုန်းလျှိုး ကွယ်လျှိုး နေထိုင်ခဲ့ရပြီး အငယ်တန်း အားကစားသမားအချို့က ပါကစ္စတန်နိုင်ငံသို့ ထွက်ပြေးခဲ့ရသော်လည်း ယခုအခါ ၎င်းတို့လည်း ဗြိတိန်သို့ ပြည်ဝင်ခွင့် ဗီဇာရရှိပြီး ဖြစ်သည်။

၂၀၀၁ ခုနှစ်အထိ တာလီဘန် ပထမခေတ်အတွင်း အမျိုးသမီးများကို အားကစားနယ်ပယ်၌ ဝင်ရောက်လှုပ်ရှားခွင့်အား ပိတ်ပင်ခဲ့သည်။

FIFA ခေါင်းဆောင်ပိုင်းအနေဖြင့် ကာတာအစိုးရနှင့် ဩဂုတ်လကတည်းက အနီးကပ် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး အာဖဂန် နစ္စတန်ရှိ အားကစားသမားများ ကယ်ထုတ်နိုင်ရေး ကြိုးပမ်းခဲ့ကြောင်း၊ နောက်ထပ် အားကစားများကိုလည်း ဘေးကင်းရာသို့ ပို့ဆောင်နိုင်ရေး ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း FIFA တာဝန်ရှိသူများက ပြောသည်။

“အခုလို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးညှိနှိုင်းပြီး အဆင်ပြေချောမွေ့အောင် ပံ့ပိုးပေးတဲ့အတွက် ဒီအားကစားသမားတွေ ဘေးကင်းလုံခြုံရာ ရောက်လာတဲ့အတွက် ကာတာအစိုးရကို ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်” ဟု FIFA အနေဖြင့် ပြောကြားခဲ့သည်။