လန်ဒန်၊ အောက်တိုဘာ ၂၃

၁၅ နှစ်တိုင်တိုင် ပျောက်ဆုံးနေခဲ့သည့် အမျိုးသမီးကမ္ဘာ့ဖလား ရပ်ဘီဘောလုံးပြိုင်ပွဲ အထိမ်းအမှတ် ‘ဆုဖလား’သည် အင်္ဂလန် အသင်းကြီးကြပ်သူတစ်ဦး၏ မိဘများပိုင်ဆိုင်သော နေအိမ်ထပ်ခိုးမှ မကြာသေးမီက ပြန်လည်တွေ့ရှိခဲ့ရကြောင်း အင်္ဂလန် ရပ်ဘီဘောလုံးအဖွဲ့ချုပ်က ပြောကြားခဲ့သည်ဟု Channel News Asia ဝက်ဘ်ဆိုက်က အောက်တိုဘာ ၂၃ ရက် (ယနေ့) ရေးသားဖော်ပြထားသည်။

၁၉၉၄ ခုနှစ်က အင်္ဂလန်အသင်း ချန်ပီယံဆုရရှိခဲ့ပြီးနောက် အဆိုပါ ဆုဖလားသည် ပျောက်ခြင်းမလှ ပျောက်ဆုံးသွားခဲ့သဖြင့် နောက်ထပ် ဆုဖလားအသစ်တစ်လုံးကို ထပ်မံမှာယူ၍ ပွဲစဉ်များ၌ ထုတ်သုံးခဲ့ရသည်။

ထိုစဉ်က အင်္ဂလန်လက်ရွေးစင် အားကစားမယ်ဖြစ်ခဲ့သူ အမျိုးသမီးဘောလုံးသမားဟောင်း ဂီးဘန်းစ် (Gill Burns) က “ဒါဟာ အင်မတန်ထူးခြားပါတယ်။

အင်မတန်အဖိုးတန်တဲ့ ဆုဖလားတစ်လုံးပါ။ အဲဒီနှစ်က ကျမတို့က ဆုဖလားကြီးရပြီးတော့ ခရီး တွေ ထွက်ကြတယ်။ လမ်းပေါ်မှာ အဲဒီဆုဖလားကိုင်ပြီး အောင်ပွဲခံခဲ့ကြတယ်” ဟု တွစ်တာလူမှုကွန်ရက်တွင် ရေးသားခဲ့ သည်။

ပုံ- ၁၅ နှစ်ကြာ ပျောက်ဆုံးပြီး ပြန်တွေ့သည့် ဆုဖလားနဲ့အတူ အသင်းခေါင်းဆောင် ဂီးဘန်းစ်ကိုတွေ့ရစဉ်။(EnglandRugby)

“တော်တော်လေး ကြာလာတော့ ကျမတို့လည်း အဲဒီဆုဖလား ဘယ်ရောက်သွားမှန်း ဘယ်သူမှ မသိကြတော့ဘူး။ ပြီးခဲ့တဲ့ အပတ်ကမှ အသင်းကြီးကြပ်သူဟောင်း တစ်ယောက်က သူ့မိဘအိမ်ကို သန့်ရှင်းရေးလုပ်တော့ မှတ်စုစာအုပ် အဟောင်းတွေ၊ ပိုစတာတချို့ ထွက်လာတယ်။ အဲဒီအထဲကမှ ကမ္ဘာ့ဖလားကို ပြန်တွေ့ခဲ့တာ” ဟု ၎င်းက ဆက်လက် ရေးသားထားသည်။

ဂီးဘန်းစ်သည် ၎င်းတို့တန်ဖိုးထား မြတ်နိုးခဲ့ရသည့် ဆုဖလားနှင့် ပြန်လည်ဆုံတွေ့ရခြင်းအပေါ် အလွန်စိတ်လှုပ်ရှားမိကြောင်း ဖွင့်ဟပြောကြားခဲ့သည်။

“အခု ဆုဖလားပြန်တွေ့ရတော့ ကမ္ဘာ့ရပ်ဘီပြတိုက်(World Rugby)မှာ သေသေချာချာ သိမ်းဆည်းပြီး အများမြင်နိုင်အောင် ခင်းကျင်းပြသသွားမှာပါ။ အဲဒါက အင်မတန်ထူးခြားပါတယ်” ဟု ဂီးဘန်းစ်က ပြောသည်။