၂၀၂၁ ခုနှစ်၊ နို၀င်ဘာ ၁

ပြီးခဲ့တဲ့ အပြောင်းအရွှေ့က ဘာစီလိုနာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက် ပီအက်စ်ဂျီအသင်းကို ရောက်ရှိလာ တဲ့ မက်ဆီကတော့ ကစားသမားဘဝ အနားယူပြီးတာနဲ့ ဘာစီလိုနာအသင်းမှာ နည်းစနစ်ပိုင်း ရယူပြီး အချိန်တွေ ကုန်ဆုံး ချင်တယ်လို့ ပြောလိုက်ပါတယ်။

အာဂျင်တီးနား ကစားသမားဟာ ဘာစီလိုနာအသင်းမှာ (၂၁)နှစ်ကြာ ကစားခဲ့ပြီး ဘောလွန်းဒီအောဆု(၆)ကြိမ်အထိ ရရှိခဲ့ ထားသူလည်း ဖြစ်ပါတယ်။

မက်ဆီဟာ ပြီးခဲ့တဲ့ရာသီအကုန်က ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ ရှိခဲ့ပေမယ့် အသင်းရဲ့ဘဏ္ဍာရေး အခက် အခဲတွေနဲ့ လာလီဂါရဲ့ စည်းမျဉ်းစည်းကမ်းတွေကြောင့် စပိန်ကလပ်ကနေ ထွက်ခွာပြီး ပီအက်စ်ဂျီ အသင်းကို ပြောင်းရွှေ့ သွားခဲ့တာပဲ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ လက်ရှိအချိန်မှာတော့ ရလဒ်ဆိုးတွေနဲ့ ရုန်းကန်နေရပြီး နည်းပြ ရော်နယ်လ်ကိုးမန်းကို ထုတ်ပယ်ထားပါတယ်။

ပုံ-ဘာစီလိုနာ အမှတ်တံဆိပ်ကို နမ်းနေသည့် မက်ဆီ။ (Leo Messi/fb)

မက်ဆီ ဘာစီလိုနာ အသင်းကို တစ်နေ့ ပြန်သွားချင်တာနဲ့ ပတ်သက်ပြီး အင်တာဗျုးပြုလုပ်ရာမှာ မက်ဆီက “ဟုတ်ပါတယ်။ အသင်းကို ကူညီချင်တယ်လို့ ကျနော် အမြဲတမ်း ပြောခဲ့ပါတယ်။ တချိန်ချိန်မှာတော့ နည်းစနစ်ပိုင်းနဲ့ ပတ်သက်ပြီး ပြုလုပ် ချင်ပါတယ်”လို့ ပြောပါတယ်။

“ဘာစီလိုနာမှာ ဖြစ်မလား မဖြစ်ဘူးလားဆိုတာတော့ ကျနော်လည်း သေချာတော့ မသိပါဘူး။ ဒါမှမဟုတ်လည်း တခြား နေရာမှာတော့ ရှိမှာပါ။ ကျနော် ချစ်မြတ်နိုးတဲ့ ကလပ်ကောင်းဖို့အတွက် ဖြစ်နိုင်ရင် ကျနော် လုပ်ပေးချင်ပါတယ်”လို့ ပြော ခဲ့ပါတယ်။

မက်ဆီဟာ ပီအက်စ်ဂျီ အသင်းနဲ့ (၂)နှစ် စာချုပ်ချူပ်ဆိုထားတာဖြစ်ပြီး နောက်ထပ် (၁)နှစ် ထပ်တိုးခွင့် ပါဝင်နေတာလည်း ဖြစ်ပါတယ်။

မက်ဆီဟာ လက်ရှိအချိန်မှာ ပီအက်စ်ဂျီ အသင်းအတွက် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ (၃)ဂိုး သွင်းယူထားတာဖြစ်ပြီး လီဂူးဝမ်း ပြိုင်ပွဲမှာတော့ ဂိုးရရှိဖို့ ရုန်းကန်နေရပါတယ်။ မက်ဆီဟာ လိုင်လီအသင်းကို အနိုင်ရခဲ့တဲ့ လီဂူးဝမ်းပြိုင်ပွဲမှာတော့ ဒဏ်ရာ ပြသနာ အနည်းငယ်ရှိခဲ့လို့ ပထမပိုင်းအပြီးမှာ လူစားလဲ ခံခဲ့ရပါသေးတယ်။