CNI International News
မန်ချက်စတာ၊ဩဂုတ် ၂၇
မန်ချက်စတာစီးတီးအသင်း၏ နောက်ခံလူ ဘင်ဂျမင်မန်ဒီအား ချက်ရှိုင်(Cheshire) နယ်မြေခံ ဒုစရိုက်နှိမ်နင်းရေး အဖွဲ့က အဓမ္မပြုကျင့်မှု ၄ မှုနှင့် လိင်ပိုင်းဆိုင်ရာစော်ကားမှု ၁ မှုတို့ဖြင့် စွဲချက်တင်လိုက်ကြောင်း စီအင်န်အင်န် သတင်းအရ သိရသည်။
တရားစွဲဆိုရေးအဖွဲ့အစည်းတစ်ခုဖြစ်သည့် (CPS-Crown Prosecution Service) စွဲချက်တင်ရေးအဖွဲ့က ဘင်ဂျမင်မန်ဒီအပေါ် အင်္ဂလန်အနောက်မြောက်ပိုင်း ချက်ရှိုင်ဒေသတွင် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာမှ ၂၀၂၁ ခုနှစ်၊ ဩဂုတ်အထိ ကြားကာလ၌ အသက် ၁၆ နှစ်အထက် တိုင်ကြားသူ ၃ ဦးနှင့်ဆက်စပ်ပြီး ၎င်းကျူးလွန်ခဲ့သော အမှု ၄ မှုဖြင့် စွဲချက်တင်လိုက်ခြင်းဖြစ်သည်။
မန်ဒီအား လတ်တလော ရဲအချုပ်ဖြင့် ထားရှိပြီး ဩဂုတ်လ ၂၇ ရက်တွင် ချက်စတာမက်ဂျီထရိတ်စ်တရားရုံးတွင် ရုံးထုတ်စစ်ဆေးမည်ဖြစ်ကြောင်း CPS ၏ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။
မန်ဒီအား မိမိတို့အသင်းထဲတွင် ပါဝင်လှုပ်ရှားကစားခွင့်အား အမှုစုံစမ်းစစ်ဆေးနေချိန်ကာလအတွင်း ဆိုင်းငံ့ ထားလိုက်ကြောင်း မန်စီးတီးကလပ်အသင်း၏ဝက်ဘ်ဆိုက်တွင် ကြေညာထားသည်။
“ဒီကိစ္စဟာ တရားဥပဒေလုပ်ငန်းစဉ်တစ်ခုအရဖြစ်တဲ့အတွက် လုပ်ငန်းစဉ်မပြီးမချင်း အသင်းက နောက်ထပ် သဘောထားမှတ်ချက်ပေးဖို့ မဖြစ်နိုင်ဘူး” ဟု အသင်းကြေညာချက်တွင် ဖော်ပြထားသည်။