CNI International News

၂၀၂၂ ခုနှစ်၊ မတ်လ ၁၄

ပီအက်စ်ဂျီအသင်း ပရိသတ်တွေက မက်ဆီနဲ့ နေမာကို လှောင်ပြောင်ပြောဆိုနေတဲ့ အသံတွေကြားရတာ ဝမ်းနည်းမိတယ်လို့ နည်းပြဖြစ်သူ ပိုချက်တီနိုက ပြောလိုက်ပါတယ်။

ပီအက်စ်ဂျီ အသင်းက ဘော်ဒိုး အသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရခဲ့တဲ့ ပြင်သစ်လီဂူးဝမ်း ပွဲစဉ်မှာ အသင်း ပရိသတ်တွေ ဟာ သူတို့ စိတ်ပျက်နေတဲ့ အရာတွေကို ထုတ်ဖော်ပြသသွားခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမစတင်ခင် မက်ဆီနဲ့ နေမာရဲ့ နာမည်ကို ကြေညာခဲ့ရာမှာ လှောင်ပြောင်မှုတွေ ခံခဲ့သလို ပွဲအချိန်အတွင်း ဘောလုံးထိတဲ့ အချိန်တိုင်းမှာလည်း လှောင်ပြောင်မှုတွေ ခံခဲ့ရတာပါ။

ဒါ့အပြင် နေမာဟာ ဒီပွဲမှာ ပြင်သစ်ကလပ်အတွက် ဒုတိယဂိုးသွင်းယူခဲ့တာတောင် လှောင်ပြောင်မှုတွေ ခံခဲ့ရတာ ဖြစ်ပါတယ်။
ပီအက်စ်ဂျီ အသင်းနည်းပြ ပိုချက်တီနိုက ဒီလိုတုံ့ပြန်မှုတွေကို အလွန်စိတ်ပျက်မိပြီး ဒီလိုအပြုအမူတွေကြောင့် သူ့အသင်းကို ထိခိုက်တယ်လို့ ခံစားနေရတာပါ။

ပိုချက်တီနိုက “ရီးရယ်လ်နဲ့ စိတ်ပျက်ဖွယ် ပွဲအပြီးမှာ ပီအက်စ်ဂျီကို ချစ်တဲ့ သူတိုင်းဟာ ဝမ်းနည်းနေကြပါတယ်။ ကျနော်က တော့ ဒီနေ့ ကြုံတွေ့ခဲ့ရတာတွေအတွက် ဝမ်းနည်းမိပါတယ်။ ဒါဟာ ကျနော်တို့ အားလုံးကို ထိခိုက်ပါတယ်။ စိတ်ပျက်နေကြ တာကို ကျနော်တို့ နားလည်ပါတယ်။ ကျနော်တို့ အားလုံးဟာ အတူတကွ ရှိနေကြတာပါ။ ဖြစ်ပျက်ခဲ့တာတွေကို တာဝန်ယူဖို့ ကျနော်တို့မှာ တာဝန်ရှိပါတယ်။ ပရိသတ်တွေနဲ့အတူ စိတ်ပျက်မှုကို မျှဝေချင်ပါတယ်”လို့ ပြောခဲ့ပါတယ်။

နည်းပြ ပိုချက်တီနိုကိုတွေ့ရစဉ်(Independent)

ပီအက်စ်ဂျီ အသင်းဟာ ဒီရာသီမှာ ချန်ပီယံလိဂ်ကို ရယူနိုင်ဖို့ အဓိက ပစ်မှတ်ထားခဲ့တာ ဖြစ်ပေမယ့် (၁၆)သင်း အဆင့်မှာပဲ ရီးရယ်လ် အသင်းကို အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒါကြောင့် ဘော်ဒိုးနဲ့ ကစားခဲ့တဲ့ လီဂူးဝမ်းပွဲစဉ်မှာ အိမ်ကွင်း ပရိသတ်တွေရဲ့ ပစ်မှတ်ဖြစ်ခဲ့တာပါ။ ပီအက်စ်ဂျီ အသင်းဟာ ပြင်သစ်လီဂူးဝမ်း ပြိုင်ပွဲရဲ့ အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ (၁၅)မှတ်ဖြတ်ပြီး ရပ်တည်နေပေမယ့် မက်ဆီနဲ့နေမာတို့ဟာ တစ်ရာသီလုံး ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတာပါ။

ဘာစီလိုနာ ပရိသတ်တွေကတော့ မက်ဆီကို လှောင်ပြောင်ခဲ့ကြတဲ့ ပီအက်စ်ဂျီအသင်း ပရိသတ်တွေရဲ့ လုပ်ရပ်ကို ဒေါသ ထွက် နေကြပါတယ်။ ပြီးခဲ့တဲ့ နွေရာသီကမှ ပီအက်စ်ဂျီကို ရောက်ရှိလာတဲ့ မက်ဆီဟာ အသင်းအတွက် ပြိုင်ပွဲစုံ (၂၅)ပွဲ ပါဝင်ကစားခဲ့ပြီး (၇)ဂိုး သွင်းယူထားတာပါ။

ဒဏ်ရာကြောင့် မကြာသေး ခင်ကမှ ပီအက်စ်ဂျီအတွက် ပြန်ကစားနိုင်ခဲ့တဲ့ နေမာဟာ ပွဲပေါင်း(၂၀)ကစားထားပြီး (၅)ဂိုး သွင်းယူထားပါတယ်။

Source: Goal