CNI Sport News

၂၀၂၂ ခုနှစ်၊ မတ်လ ၁၂

ဗြိတိန်အစိုးရက အေဘရာမိုဗစ်ချ်ကို ဒဏ်ခတ်ပိတ်ဆို့မှုတွေရှိခဲ့ပေမယ့် Nike ကတော့ ချယ်လ်ဆီး အသင်းနဲ့အတူ ဆက်ရှိ သွားမှာ ဖြစ်တယ်လို့ ဒေးလီးမေးလ် သတင်းက ဖော်ပြလိုက်ပါတယ်။

ချယ်လ်ဆီး အသင်းကို ဂျာစီစပွန်ဆာ ပေးထားတဲ့ Three က အသင်းနဲ့ သဘောတူညီမှုစာချုပ်ကို ရပ်ဆိုင်းခဲ့ပြီး သူတို့လိုဂိုကို အသင်းရဲ့ ဂျာစီကနေ ဖယ်ရှားပေးဖို့ တောင်းဆိုထားတာပါ။ အဲ့ဒါကြောင့် ချယ်လ်ဆီး အသင်းဟာ Nike က စာချုပ် ဖျက်သိမ်း မှာကို စိုးရိမ်မှုတွေရှိခဲ့ပေမယ့် သူတို့ကတော့ အသင်းနဲ့ ဆက်ဆံရေးကို ဖြတ်တောက်သွားမှာ မဟုတ်ဘူးလို့ သိရပါတယ်။

ချယ်လ်ဆီး အသင်းဟာ ၂၀၁၆ ခုနှစ်မှာ Nike နဲ့ ၁၅ နှစ်ကြာ စာချုပ်ချုပ်ဆိုခဲ့တာပါ။ စာချုပ်တန်ကြေးဟာ တစ်ရာသီကို ပေါင်သန်း ၆၀ ရှိပါတယ်။
အဆိုပါ သဘောတူညီချက်ကို အဆုံးသတ်လိုက်မယ်ဆိုရင် ချယ်လ်ဆီးအတွက် ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်လာမှာဖြစ်ပြီး ၁၅ နှစ် စာချုပ်ဟာ ပေါင်သန်း ၉၀၀ ဝန်းကျင် တန်ကြေးရှိပါတယ်။

ဒါပေမယ့် The Athletic ကတော့ Nike ဟာ ချယ်လ်ဆီးနဲ့ အတူဆက်ရှိမယ်လို့ ဖော်ပြခဲ့ပါတယ်။ ချယ်လ်ဆီး အနေနဲ့ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အိမ်ကွင်းပွဲစဉ်ကစားဖို့ ၅ ပွဲ ကျန်ရှိနေပြီး အခုအခြေအနေတွေကို မဖြေရှင်းနိုင်ရင် အနည်းဆုံး ပေါင် ၃ သန်းခန့် ဆုံးရှုံးဦးမှာပါ။

ချယ်လ်ဆီးအသင်းနဲ့ အေဘရာမိုဗစ်ချ်(totalfootball)

တစ်ရာသီစာ လက်မှတ်ကိုင်ဆောင်ထားသူတွေကတော့ ကျန်ပွဲစဉ်တွေကို တက်ရောက် ကြည့်ရှုလို့ ရပေမယ့် အားပေးတဲ့ သူတွေဟာ ကလပ်ရဲ့ ဆိုင်ကနေ ပစ္စည်းတွေဝယ်ယူလို့ မရဘူးလို့ ကန့်သတ်ခြင်း ခံထားရပါတယ်။

ချယ်လ်ဆီး အသင်း လေ့ကျင့်ရေးကွင်းဝတ်စုံ စပွန်ဆာ ပေးထားတဲ့ ထရီဗာဂိုကလည်း အသင်းနဲ့အတူ ဆက်လက်ရှိနေမယ်လို့ ကြေညာထားပါတယ်။ ထရီဗာဂိုဟာ ပြီးခဲ့တဲ့နှစ် နွေရာသီကမှ ချယ်လ်ဆီးအသင်းနဲ့ နှစ်ရှည် စာချုပ်ချုပ်ဆို ထားတာ ဖြစ်ပါ တယ်။

ချယ်လ်ဆီး အသင်းပိုင်ရှင် အေဘရာမိုဗစ်ချ်ဟာ ဒဏ်ခတ်ပိတ်ဆို့မခံရခင် အသင်းကို ရောင်းချနိုင်ဖို့ အမြန်ဆုံး စီစဉ်ခဲ့ပေမယ့် ဗြိတိန်အစိုးရရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုကို ခံခဲ့ရတာပါ။ လက်ရှိအချိန်မှာ ချယ်လ်ဆီး အသင်းဟာ အကြွေးဝယ်ကတ်အပြင် ဘဏ် အကောင့်တွေလည်း ယာယီရပ်ဆိုင်းခံရတာကြောင့် ဘဏ္ဍာရေးအခြေအနေ တည်ငြိမ်မှုရဖို့ ခက်ခဲနေတာလည်း ဖြစ်ပါတယ်။

Source: Daily Mail