CNI Sport News
၂၀၂၂ ခုနှစ်၊ မတ်လ ၁၃
အသင်းပိုင်ရှင် အေဘရာမိုဗစ်ချ်ကို ဗြိတိန်အစိုးရက ဒဏ်ခတ်ပိတ်ဆို့ပြီးနောက် အသင်းရဲ့ ဘဏ်အကောင့်ကို ဘာကလေ ဘဏ်က ယာယီရပ်ဆိုင်းလိုက်ပါတယ်။
ရုရှားသမ္မတ ပူတင်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိတဲ့ အေဘရာမိုဗစ်ချ်ရဲ့ ပိုင်ဆိုင်မှုတွေကို ဗြိတိန်အစိုးရက သိမ်းဆည်းပြီးနောက် ချယ်လ်ဆီး အသင်းဟာ ဘဏ္ဍာရေး မတည်ငြိမ်မှုတွေ ရှိနေတာပါ။ အသင်းပိုင်ရှင်ရဲ့ အခြေအနေကြောင့် ချယ်လ်ဆီး အသင်း လည်း ထိခိုက်မှုတွေရှိနေပေမယ့် ဆက်လက် လည်ပတ်နိုင်ဖို့ အထူးလိုင်စင် ရရှိထားတာ ဖြစ်ပါတယ်။
Sky Sports ကတော့ ချယ်လ်ဆီး အသင်းဟာ ဘောလုံးနဲ့ပတ်သက်တဲ့ လှုပ်ရှားမှုတွေကို ဆက်လက်လုပ်ဆောင်ဖို့ လိုင်စင်ကို အကဲဖြတ်နေချိန်မှာ ဘာကလေက ကလပ်ရဲ့ အကောင့်ကို ရပ်ဆိုင်းလိုက်တာပါ။
ချယ်လ်ဆီး အသင်းကတော့ ဒီလိုရပ်ဆိုင်းတာကို မကြာခင် ပြန်လည် ရုပ်သိမ်းနိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။ လန်ဒန် ကလပ်ဟာ ဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့် လက်မှတ်အသစ်တွေ မရောင်းနိုင်သလို ကစားသမား ရောင်းဝယ်ခြင်းလည်း ပြုလုပ်လို့ မရတော့ပါဘူး။
အေဘရာမိုဗစ်ချ်ကိုတွေ့ရစဉ် (Sports Brief)
ဒါ့အပြင် ငွေကြေးသုံးစွဲရာမှာလည်း အကန့်အသတ်နဲ့သာ သုံးစွဲနိုင်မှာဖြစ်ပါတယ်။ The Athletic ကတော့ နောက်ဆုံးအနေနဲ့ ချယ်လ်ဆီး ကုမ္ပဏီရဲ့ အကြွေးဝယ်ကတ်ကိုလည်း ယာယီရပ်ဆိုင်းလိုက်တယ်လို့ ဖော်ပြခဲ့တာပါ။
အကြွေးဝယ်ကတ် ရပ်ဆိုင်းလိုက်တာကြောင့် ချယ်လ်ဆီးဟာ အသင်းဘတ်စ်ကားအတွက် လောင်စာဆီ ဝယ်ယူနိုင်ခြင်း မရှိ တော့တာလည်း ဖြစ်ပါတယ်။ ချယ်လ်ဆီး အသင်း ရရှိထားတဲ့ လိုင်စင်ဟာ ခရီးစရိတ်အတွက် သုံးစွဲမယ့် စရိတ်တွေကိုလည်း ကန့်သတ်ထားပြီး ခရီးစဉ်တိုင်းမှာ အသင်းဟာ တစ်ပွဲကို ပေါင်(၂)သောင်းထက် ကျော်လွန်ပြီး သုံးစွဲလို့မရတာလည်း ဖြစ်ပါ တယ်။
ချယ်လ်ဆီး အသင်းဟာ ကြားရက်မှာ ကစားရမယ့် လိုင်လီ အသင်းနဲ့ ချန်ပီယံလိဂ် ပွဲစဉ်မတိုင်ခင် နယူးကာဆယ် အသင်းကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်ရမှာပါ။ ဒါပေမယ့် ချယ်လ်ဆီး အသင်းဟာ လိုင်လီနဲ့ အဝေးကွင်းပွဲစဉ်အတွက် ကုန်ကျစရိတ်ကို ပေးချေထားပြီးဖြစ်လို့ ဒီခရီးစဉ်ကို ပြောင်းလဲဖို့ မလိုတော့တာလည်း ဖြစ်ပါတယ်။
ဗြိတိန်အစိုးရကလည်း ချယ်လ်ဆီး အသင်းကို ရောင်းချနိုင်ဖို့ ပြန်လည်စီစဉ်နိုင်အောင် မီးစိမ်းပြထားတယ်လို့လည်း သတင်း တွေမှာ ဖော်ပြထားပါတယ်။
Source: Metro