CNI Sport News

၂၀၂၂ ခုနှစ်၊ မတ်လ ၁၁

နာမည်ကြီး တင်းနစ်မယ်ဟောင်း ရှာရာပိုဗာက ယူကရိန်းမိသားစုတွေနဲ့ ကလေးတွေကို ကူညီဖို့အတွက် Save The Children’s ရဲ့ အကျပ်အတည်းကယ်ဆယ်ရေး ရန်ပုံငွေဆီကို ရန်ပုံငွေလှူဒါန်းခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။

ရုရှားရဲ့ ကျူးကျော်ဝင်ရောက် တိုက်ခိုက်မှုကြောင့် ဒုက္ခရောက်နေကြတဲ့ ယူကရိန်းပြည်သူတွေအတွက် အသည်းတွေကွဲပြီး အကြီးအကျယ် စိတ်မကောင်း ဖြစ်ရတယ်လို့လည်း ပြောထားတာပါ။

ရုရှားရဲ့ တိုက်ခိုက်မှုတွေကြောင့် သန်းနဲ့ချီတဲ့ ယူကရိန်းပြည်သူတွေဟာ နိုင်ငံကနေ ထွက်ပြေးတိမ်းရှောင် နေခဲ့ရတာ ဖြစ်ပါ တယ်။ အဲ့ဒါကြောင့် ကမ္ဘာ့နံပတ်(၁) တင်းနစ်မယ်ဟောင်း ရှာရာပိုဗာက ယူကရိန်းမှာရှိတဲ့ မိသားစုတွေအတွက် Save The Children ကို လှူဒါန်းပြီး ကူညီဖို့ ဆုံးဖြတ်ခဲ့တာပါ။

ရှာရာပိုဗာက “ယူကရိန်းမှာ ဖြစ်နေတဲ့ အခုလိုပြင်းထန်တဲ့ အကျပ်အတည်းတွေကြောင့် မိသားစုနဲ့ ကလေးတွေ ထိခိုက်တဲ့ အကြောင်းအရာတွေ၊ ရုပ်ပုံတွေနဲ့ ပတ်သက်ပြီး အသည်းတွေ ပိုမိုကွဲကာ အကြီးအကျယ် စိတ်မကောင်း ဖြစ်ရပါတယ်။ ဒီလို တွေကြောင့် ကျမ အနေနဲ့ Save The Childern’s အကျပ်အတည်း ကယ်ဆယ်ရေး ရန်ပုံငွေကို လှူဒါန်းထားပါတယ်။ ဒီအဖွဲ့ အစည်းဟာ စားနပ်ရိက္ခာ၊ ရေနဲ့ အကူအညီပစ္စည်းတွေကို ထောက်ပံ့ဖို့ မမောမပန်း လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ပါဝင် လှူဒါန်းပေးကြဖို့လည်း မေတ္တာရပ်ခံပါတယ်။ ငြိမ်းချမ်းပါစေလို့လည်း ဆုတောင်းပေးကြောင်း”ပြောခဲ့ပါတယ်။

ရှာရာပိုဗာ ယူကရိန်းအတွက် ရန်ပုံငွေလှူဒါန်း(The Namal)

ရှာရာပိုဗာဟာ ၂၀၀၄ ခုနှစ်က ဝင်ဘယ်လ်ဒန် အိုးပန်းပြိုင်ပွဲမှာ အောင်မြင်မှုရခဲ့ပြီး နာမည်ကျော်ကြားလာခဲ့သူဖြစ်ပါတယ်။ အဲ့ဒီတုန်းက သူမရဲ့ အသက်ဟာ (၁၇)နှစ်အရွယ်သာ ရှိပါသေးတယ်။ သူမဟာ သိပ်မကြာခင် အချိန်မှာ ကမ္ဘာ့နံပတ်(၁)နေရာ ကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ရှာရာပိုဗာဟာ ပရော်ဖက်ရှင်နယ် ကစားသမားဘဝအတွင်းမှာ ဂရမ်းဆလမ်းဆုဖလား (၅)ကြိမ်ရခဲ့တာ အပါအဝင် WTA ဆုဖလားပေါင်း(၃၆)ခု ရယူနိုင်ခဲ့တာပါ။

ရှာရာပိုဗာဟာ ၂၀၁၆ မှာ တားမြစ်ဆေး စစ်ဆေးတာမှာ ကျရှုံးခဲ့တာကြောင့် တင်းနစ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် (၂)နှစ် ပိတ်ပင်ခံခဲ့ရပါ တယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ပြစ်ဒဏ် လျော့ပေးခဲ့တာကြောင့် ၂၀၁၇ မှာ ပြိုင်ပွဲတွေ ပြန်လည် ယှဉ်ပြိုင်ခွင့် ရခဲ့တာပါ။

အဲ့ဒီ နောက်ပိုင်းမှာ ရှာရာပိုဗာဟာ အောင်မြင်မှု ကြီးကြီးမားမား မရတော့ဘဲ ၂၀၂၀ သြစတြေးလျအိုးပန်းပြိုင်ပွဲအပြီး အသက် ၃၂ နှစ်အရွယ်မှာ ကစားသမားဘဝကနေ အနားယူခဲ့တာ ဖြစ်ပါတယ်။

Source: Sport