CNI Sport News

၂၀၂၂ ခုနှစ်၊ မတ်လ ၁၁

ထိုင်းကလပ် ဘူရီယမ်အသင်းဟာ ဒေဂူးနဲ့ ကစားမယ့် အာရှချန်ပီယံလိဂ် ပွဲစဉ်အတွက် အသင်းရဲ့ လူစာရင်းမှာ မြန်မာ့ လက်ရွေးစင် တိုက်စစ်မှူး အောင်သူကို ထည့်သွင်းလာခဲ့တာ တွေ့ရပါတယ်။

ဘူရီယမ်အသင်းဟာ ဒီပွဲစဉ်အတွက် တောင်ကိုရီးယားကို ထွက်ခွာခဲ့တဲ့ အသင်းရဲ့ လူစာရင်းကို သူတို့ရဲ့ ဖေ့စ်ဘွတ်ခ် စာမျက် နှာပေါ် တင်ခဲ့တာမှာ အောင်သူလည်း ပါဝင်ခဲ့တာပါ။ အောင်သူဟာ ဘူရီယမ်အသင်း နောက်ဆုံးကစားခဲ့တဲ့ ထိုင်းလိဂ်(၃)ပွဲမှာ (၂)ပွဲက ပွဲချိန်မိနစ်(၉၀)ပြည့်ပြီး နာကျင်အချိန်ပိုရောက်မှ လူစားလဲ ပါဝင်ခွင့်ရခဲ့တာဖြစ်ပြီး နောက်ဆုံးပွဲဖြစ်တဲ့ ချောင်ဘူရီနဲ့ ပွဲမှာ လူစားလဲတောင် မပါဝင်ခဲ့ရပါဘူး။

ဒါပေမယ့် ဘူရီယမ် အသင်းဟာ တောင်ကိုရီးယားကလပ် ဒေဂူးနဲ့ ကစားရမယ့် ပွဲမှာတော့ အောင်သူကို အသင်းလူစာရင်းထဲ ထည့်သွင်း ခေါ်ဆောင်လာခဲ့တာပါ။ ဒီပွဲကို မတ်လ(၁၅)ရက်မှာ ကစားရမှာဖြစ်ပြီး အနိုင်ရတဲ့ အသင်းဟာ အာရှချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ အုပ်စုအဆင့်ကို ယှဉ်ပြိုင်ခွင့်ရမှာလည်း ဖြစ်ပါတယ်။

ဘူရီယမ်အသင်းသားများကိုတွေ့ရစဉ်(Buriram United)

ဘူရီယမ်အသင်း ဒီပွဲမှာ အနိုင်ရခဲ့မယ်ဆိုရင် အောင်သူအနေနဲ့ ၁၉၉၇ ခုနှစ်က အာရှချန်ပီယံလိဂ် ဝင်ပြိုင်ခဲ့တဲ့ ဘဏ္ဍာအခွန် အသင်းနောက်ပိုင်း ဒီပြိုင်ပွဲရဲ့ အုပ်စုအဆင့် ကစားခွင့်ရမယ့် ပထမဆုံး မြန်မာကစားသမား ဖြစ်လာမှာပါ။

အောင်သူဟာ ဒီပွဲမှာ ဒေဂူးအသင်းကို ကိုင်တွယ်နေတဲ့ ဘူရီယမ် အသင်းနည်းပြဟောင်း ဂါမာနဲ့ ပြန်လည်တွေ့ဆုံရမှာပါ။ ဂါမာဟာ အောင်သူကို ရတနာပုံအသင်းကနေ ဘူရီယမ်အသင်းထံ ခေါ်ယူသူ ဖြစ်ပါတယ်။ ဘူရီယမ်အသင်းဟာ ဒီရာသီမှာ ထိုင်းလိဂ်(၁)ပြိုင်ပွဲရဲ့ ချန်ပီယံဆုကို ရယူနိုင်ဖို့ အခြေအနေ ကောင်းနေခဲ့တာပါ။

ထိုင်းလိဂ်ပြိုင် ပွဲပြီးဆုံးဖို့ (၅)ပွဲသာ လိုတော့တဲ့အချိန်မှာ ဘူရီယမ်အသင်းဟာ ဒုတိယနေရာက ဘီဂျီပသန် အသင်းကို (၁၂)မှတ် ဖြတ်ထားပါတယ်။

ဘူရီယမ် အသင်းဟာ အမှတ်ပေး ဆုဖလားကို ရခဲ့မယ်ဆိုရင် အောင်သူဟာ ထိုင်းလိဂ်ဖလားကို ကိုင်မြှောက်နိုင်တဲ့ ပထမဆုံး မြန်မာကစားသမား ဖြစ်လာဖို့လည်း ရှိနေတာပါ။ အောင်သူဟာ ဒီရာသီမှာ ဘူရီယမ်အသင်းအတွက် (၂၇)ပွဲ ကစားထားပြီး (၄)ဂိုး သွင်းယူထားပါတယ်။