CNI Sport News

၂၀၂၂ ခုနှစ်၊ မတ်လ ၁၁

ချယ်လ်ဆီးအသင်း ပရိသတ်တွေဟာ နောဝစ်ချ်နဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ အသင်းပိုင်ရှင် အေဘရာမိုဗစ်ချ်ရဲ့ နာမည်ကို သံပြိုင်ကြွေးကြော်ပြီး ထောက်ခံမှုတွေကို ပြသသွားခဲ့ပါတယ်။

ချယ်လ်ဆီး အသင်းဟာ အေဘရာမိုဗစ်ချ်ကို ဗြိတိန်အစိုးရက ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှု ပြုလုပ်ပြီးနောက် ပထမဆုံး ပွဲစဉ် အဖြစ် နောဝစ်ချ်နဲ့ပွဲ ကစားခဲ့တာပါ။

အသင်းတွေ ကွင်းထဲဝင်ရောက် လာချိန်မှာ ချယ်လ်ဆီး ပရိသတ်တွေရဲ့ အစိတ်အပိုင်းက အေဘရာမိုဗစ်ချ်ရဲ့ နာမည်ကို သံပြိုင် ကြွေးကြော်ခဲ့တာ ဖြစ်ပါတယ်။

ဗြိတိန်ရဲ့ ပိတ်ဆို့မှုကြောင့် ချယ်လ်ဆီး အသင်းဟာ ပွဲတွေ ဆက်ကစားခွင့် ရထား ပေမယ့် ကစားသမားတွေကို ရောင်းဝယ် ခြင်းပြုလုပ်လို့ မရတော့ပါဘူး။ဒါ့အပြင် လက်မှတ် အသစ်ရောင်းချလို့ မရသလို ကလပ်အသင်းရဲ့ ဆိုင်တွေကို ပိတ်ရတာ အပါအဝင် ပိတ်ဆို့မှု အမျိုးမျိုးနဲ့ ရင်ဆိုင်နေခဲ့ရတာ ဖြစ်ပါတယ်။

နောဝစ်ချ်နဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မတိုင်ခင်မှာ ချယ်လ်ဆီး အသင်းကို စပွန်ဆာပေးထားတဲ့ Three UK က စာချုပ်ကို ရပ်ဆိုင်းလိုက်ကြောင်း ကြေညာခဲ့ပါတယ်။ အဆိုပါ ကုမ္ပဏီဟာ အသင်းရဲ့ ဂျာစီ ဒါမှမဟုတ် စတမ်းဖို့ဘရစ်ချ် အနီးမှာ သူတို့ရဲ့ လိုဂိုကို ပြသတော့မှာ မဟုတ်ဘူးလို့လည်း ပြောခဲ့ပါတယ်။

အေဘရာမိုဗစ်ချ်ကိုတွေ့ရစဉ်(Flipboard)

အဆိုပါ မိုဘိုင်းကွန်ယက် Three UK နဲ့ ချယ်လ်ဆီး အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ တစ်နှစ်ကို ပေါင်သန်း ၄၀ တန် ကြေး ရှိပါတယ်။

ဒါပေမယ့် အေဘရာမိုဗစ်ချ်ကို ဗြိတိန်အစိုးရက ဒဏ်ခတ်ပိတ်ဆို့ပြီးနောက် စာချုပ်ကို ရပ်ဆိုင်းဖို့ Three UK က ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ချယ်လ်ဆီး အသင်းဟာ နောဝစ်ချ်အသင်းနဲ့ ကစားခဲ့တဲ့ ပွဲမှာတော့ အဆိုပါ တံဆိပ်နေရာမှာ အစားထိုးဖို့ အချိန် မလုံလောက်တော့တာကြောင့် Three လိုဂို ပါဝင်တဲ့ ဂျာစီကိုပဲ ဆက်လက် ဝတ်ဆက်ခဲ့ကြတာပါ။

ဒီပွဲမှာ ချယ်လ်ဆီး အသင်းဟာ နောဝစ်ချ် အသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

ချယ်လ်ဆီး အသင်းဟာ ဒီနိုင်ပွဲကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့်(၃)နေရာမှာ ဆက်လက် ရပ်တည်နေပြီး အဆင့်(၂)နေရာက လီဗာပူးလ် အသင်းနဲ့ (၇)မှတ်ကွာဟနေတာပါ။ ချယ်လ်ဆီး အသင်းဟာ ဒီတစ်ပတ်မှာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် နယူးကာဆယ် အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ကြားရက်မှာတော့ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် လိုင်လီ အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Metro