CNI Sport News

၂၀၂၂ ခုနှစ်၊ မတ်လ ၈

စပါး အသင်းတိုက်စစ်မှူး ဟာရီကိန်းဟာ အာဆင်နယ်အသင်း ဂန္တဝင်တိုက်စစ်မှူး အွန်နရီရဲ့ ပရီးမီးယားလိဂ် သွင်းဂိုးကို ကျော်ဖြတ်သွားခဲ့ပြီးဖြစ်ပါတယ်။ ဒီလို ကျော်ဖြတ်နိုင်ခဲ့တဲ့အပေါ် ပျော်ရွှင်ဝမ်းမြောက်မိကြောင်း ဟာရီကိန်းက ပြောပါတယ်။

စပါးအသင်းက အဲဗာတန် အသင်းကို ၅ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဟာရီကိန်းက (၂)ဂိုး သွင်းယူ နိုင်ခဲ့တာပါ။
အဲ့ဒါကြောင့် အင်္ဂလန် အသင်းခေါင်းဆောင်ဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ သွင်းဂိုး (၁၇၆)ဂိုး ရှိသွားခဲ့တာ ဖြစ်ပါတယ်။ အွန်နရီ ဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ (၁၇၅)ဂိုး သွင်းယူခဲ့တဲ့အတွက် ဟာရီကိန်းက (၁)ဂိုးအသာနဲ့ ကျော်ဖြတ်နိုင်ခဲ့တာပါ။

ဟာရီကိန်းက “အွန်နရီဟာ ကျနော်မြင်ခဲ့ဖူးသမျှ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အကြီးအကျယ်ဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦး ဖြစ်တာကြောင့် သူ့ရဲ့ အထက်ကို တက်လှမ်းနိုင်ခဲ့တာက ကောင်းမွန်တဲ့ မှတ်တိုင်လေးတစ်ခုပါပဲ”လို့ Sky Sports ကို ပြောခဲ့ ပါတယ်။

ဟာရီကိန်းဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ ဂိုးသွင်း အများဆုံး နံပတ်(၆)နေရာကို ရောက်ရှိလာခဲ့တာဖြစ်ပြီး သူ့ရဲ့ အထက်မှာ ရှိတဲ့ ချယ်လ်ဆီး ကစားသမားဟောင်း လမ်းပတ်နဲ့ (၁)ဂိုးသာ ကွာတော့တာပါ။

ဟာရီကိန်း၊ အွန်နရီ၊ လမ်းပတ်တို့ကိုတွေ့ရစဉ်(Squaka)

ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ ဂိုးသွင်းအများဆုံး ကစားသမားကတော့ နယူးကာဆယ် ဂန္တဝင် အလန်ရှီးယားဖြစ်ပြီး (၂၆၀)ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။

အဲ့ဒါကြောင့် ဟာရီကိန်း အနေနဲ့ အလန်ရှီးယားရဲ့ သွင်းဂိုးကို လိုက်မှီဖို့ (၈၄)ဂိုး လိုအပ်နေသေးတာပါ။ ဟာရီကိန်း ကတော့ အလန်ရှီးယားရဲ့ သွင်းဂိုးကို ကျော်ဖြတ်နိုင်ဖို့ သူ့မှာ အချိန်ရှိသေးတယ်ဆိုတာ ယုံကြည်ကြောင်း ပြောခဲ့ပါတယ်။

ဟာရီကိန်းက “ကျနော့် ဆီမှာ နှစ်တွေအများကြီး ရှိသေးတယ်လို့ ခံစားရပါတယ်။ အဲ့ဒါကြောင့် ကျနော့်ရဲ့ အရှေ့မှာရှိတဲ့ နာမည်တွေကို ကျော်ဖြတ်ပြီး ဂိုးတွေနဲ့အတူ အသင်းကို ကူညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကျနော်တို့ ဘယ်မှာ အဆုံး သတ် မလဲဆိုတာ ကြည့်ကြတာပေါ့”လို့ ပြောခဲ့ပါတယ်။

စပါး အသင်းဟာ အဲဗာတန် အသင်းကို အနိုင်ရခဲ့တာကြောင့် အဆင့်(၄)နေရာက အာဆင်နယ် အသင်းနဲ့ (၃)မှတ်အကွာ အဆင့်(၇)နေရာမှာ ရပ်တည်နေပြီး ချန်ပီယံလိဂ် ဝင်ခွင့်မျှော်လင့်ချက်တွေ ရှင်သန်လာခဲ့တာပါ။ ဟာရီကိန်းကတော့ သူတို့ရဲ့ ရည်မှန်းချက်ဟာ ချန်ပီယံလိဂ်ဝင်ဖို့ ဖြစ်တယ်လို ပြောခဲ့ပါတယ်။

စပါး အသင်းဟာ ဒီတစ်ပတ်မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် မန်ချက်စတာယူနိုက်တက် အသင်းနဲ့ ကစားရမှာ ဖြစ်ပါ တယ်။

Source: Daily Mail