CNI Sport News

၂၀၂၂ ခုနှစ်၊ မတ်လ ၈

ပီအက်စ်ဂျီ အသင်းရဲ့ အဓိက တိုက်စစ်မှူး ဘတ်ပီ ဟာ လေ့ကျင့်ရေးကွင်းမှာ ဒဏ်ရာရခဲ့ပေမယ့် ရီးရယ်လ် အသင်းနဲ့ ကစားမယ့် ချန်ပီယံလိဂ်ပွဲအတွက် အဆင့်သင့်ဖြစ်နေတယ်လို့ မျှော်လင့်ရကြောင်း Goal သတင်းက အတည်ပြုထားပါတယ်။

ပီအက်စ်ဂျီ အသင်းဟာ ချန်ပီယံလိဂ်(၁၆)သင်းအဆင့် ပထမအကျော့ ပွဲစဉ်က ဘတ်ပီရဲ့ တစ်လုံးတည်းသောဂိုးနဲ့ ရီးရယ်လ် အသင်းကို အနိုင်ရထားတာပါ။ အဲဒါကြောင့် ဘာနေဗျုးမှာ ကစားမယ့် ဒုတိယအကျော့ပွဲစဉ်ဟာ နှစ်သင်းစလုံးအတွက် ရလဒ်ကောင်းရယူနိုင်ဖို့ အရေးပါနေတာဖြစ်ပါတယ်။ဒါပေမယ့် ပီအက်စ်ဂျီ အသင်းဟာ ဘတ်ပီ ဒဏ်ရာကြောင့် မပါဝင်နိုင်မှာကို စိုးရိမ်မှုတွေရှိပေမယ့် ပါဝင်ကစားပေးနိုင်ဖို့တော့ မျှော်လင့်နေတာပါ။

ဘတ်ပီ ဟာ တနင်္လာနေ့က ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ရေး အစီအစဉ်မှာ ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး သူ့ရဲ့ ဒဏ်ရာ အခြေအနေကို အကဲဖြတ်ဖို့အတွက် ဆေးစစ်မှုတွေ ပြုလုပ်ဖို့ ရှိနေတာဖြစ်ပါတယ်။ ဒဏ်ရာအခြေအနေပေါ် မူတည်ပြီး ဘတ်ပီ ဟာ သူ့ရဲ့ပြန်လည်ကောင်းမွန်မှုကို အာရုံစိုက်မယ်ဆိုရင် ရီးရယ်လ်နဲ့ ချန်ပီယံလိဂ်ပွဲကို လွဲချော်နိုင်တာပါ။ ကနဦးဆေးစစ်ချက်တွေအရတော့ ဘတ်ပီ ဟာ အရိုးကျိုးခြင်းမရှိဘူးလို့ သိရပါတယ်။

ဘတ်ပီ ဟာ ပြီးခဲ့တဲ့ နိုက်စ်အသင်းနဲ့ ပွဲစဉ်မှာ ပွဲပယ်ခံထားရတာကြောင့် ပီအက်စ်ဂျီ အသင်းအတွက် ပါဝင် မကစားနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ မက်ဆီ က ပီအက်စ်ဂျီ အသင်းကို ဦးဆောင်ခဲ့ပေမယ့် နိုက်စ် အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်သွားခဲ့တာပါ။

ဘတ်ပီ ဟာ ဒီရာသီ ပြင်သစ်ကလပ်ရဲ့ ဂိုးသွင်းအများဆုံး ကစားသမားဖြစ်ပြီး (၃၄)ပွဲမှာ (၂၄)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။ အဲဒါကြောင့် ဘတ်ပီရဲ့ အခန်းကဏ္ဍဟာ ပီအက်စ်ဂျီအသင်းမှာ အရေးပါနေတာဖြစ်ပါတယ်။

ပီအက်စ်ဂျီ အသင်းကတော့ အခု ရာသီအကုန်မှာ စာချုပ်ကုန်ဆုံးတော့မယ့် ဘတ်ပီ ကို စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့ အတွက် ကမ်းလှမ်းမှုအသစ်တွေ ပြုလုပ်နေခဲ့တာပါ။ ဒါပေမယ့် ရီးရယ်လ် အသင်းဟာ ဘတ်ပီ ကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူနိုင်ဖို့ ယုံကြည်မှုအပြည့်ရှိနေတယ်လို့ သတင်းတွေမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

Source:Goal