CNI Sport News

၂၀၂၂ ခုနှစ်၊ မတ်လ ၉

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ) ဟာ ရုရှားကို (၂၀၂၂) ကမ္ဘာ့ဖလားခြေစစ်ပွဲကနေ ဖယ်ထုတ်လိုက်တာကြောင့် ပိုလန် အသင်းဟာ ပလေးအောဖ့်ဗိုလ်လုပွဲကို အလိုအလျောက်တက်ရောက်သွားပြီဖြစ်ပါတယ်။

ယူကရိန်းနိုင်ငံအတွင်းမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲဂယက်တွေကြောင့် ဒီဆုံးဖြတ်ချက်တွေ ထွက်ပေါ်လာခဲ့တာဖြစ်ပြီး ပိုလန်အသင်းဟာ (၂၀၂၂) ကမ္ဘာ့ဖလားခြေစစ်ပွဲ(ဥရောပဇုန်) ပလေးအောဖ့်အဆင့် လမ်းကြောင်း B ရဲ့ ဗိုလ်လုပွဲကို တက်နိုင်ခဲ့တာပါ။ ပိုလန် အသင်းဟာ ဒီအဆင့်မှာ ရုရှားနဲ့ကစားရမှာဖြစ်ပေမယ့် ပိုလန် ဘောလုံးအဖွဲ့ချုပ်က ကစားသမားတွေဟာ ရုရှားနဲ့ မကစားချင်ဘူးလို့ ရှင်းရှင်းလင်းလင်းပြောခဲ့တာဖြစ်ပါတယ်။

အဲဒါကြောင့် ပိုလန် အသင်းဟာ ဆွီဒင်နဲ့ ချက် အသင်းတို့ ပွဲစဉ်က အနိုင်ရတဲ့ အသင်းနဲ့ ပလေးအောဖ့် ဗိုလ်လုပွဲ ကစားရမှာပါ။ ရုရှားနိုင်ငံကို နိုင်ငံတကာပြိုင်ပွဲတွေမှာ အကန့်အသတ်မရှိ ပိတ်ပင်ထားပြီး သူတို့နိုင်ငံက အသင်း တွေဟာ ယူအီးအက်ဖ်အေက ကျင်းပတဲ့ ပြိုင်ပွဲတွေမှာလည်း ပါဝင်ယှဉ်ပြိုင်ခွင့်မရတာဖြစ်ပါတယ်။ ဒီလို ရလဒ် ကြောင့် ရုရှားကလပ် စပါးတပ်မော်စကို အသင်းဟာ ယူရိုပါလိဂ်(၁၆)သင်းအဆင့်ကနေ ထုတ်ပယ်ခံခဲ့ရတာပါ။

ဒါ့အပြင် ရုရှားသမ္မတ ပူတင်နဲ့ ရင်းနှီးတဲ့ အေဘရာမိုဗစ်ချ် ကလည်း ချယ်လ်ဆီး အသင်းကို ရောင်းချဖို့ စီစဉ် နေခဲ့တာဖြစ်ပါတယ်။

ရုရှားရဲ့ကျုးကျော်မှုတွေခံနေရတဲ့ ယူကရိန်းရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲကိုလည်း ဇွန်လအထိ ရွှေ့ဆိုင်းဖို့ ဖီဖာ က ဆုံးဖြတ်ခဲ့တာပါ။ နိုင်ငံအတွင်း စစ်ပွဲဖြစ်ပွားနေတာကြောင့် ကမ္ဘာ့ဖလားခြေစစ်ပွဲကို ရွှေ့ဆိုင်းပေးဖို့ ယူကရိန်းရဲ့ တောင်းဆိုမှုကို ဖီဖာက လက်ခံပေးခဲ့တာဖြစ်ပါတယ်။

ယူကရိန်း အသင်းဟာ စကော့တလန် အသင်းနဲ့ ယှဉ်ပြိုင် ရမှာပါ။ စကော့တလန်နဲ့ ယူကရိန်းတို့ရဲ့ ပွဲကို မူလက မတ်လ(၂၄)ရက်မှာ ကျင်းပဖို့ သတ်မှတ်ထားခဲ့ပေမယ့် အခုဆိုရင် ဇွန်လမှ ကျင်းပဖို့ ပြန်လည်သတ်မှတ်ပေးခဲ့တာဖြစ်ပါတယ်။

ယူကရိန်းဟာ နိုဝင်ဘာလက ကစားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် ရွေးချယ်ခဲ့တဲ့ ကစားသမား(၂၃)ဦးထဲမှာ (၁၅)ဦးကတော့ ပြည်တွင်းလိဂ်ပြိုင်ပွဲတွေမှာ ကစားနေတဲ့ သူတွေလည်းဖြစ်တယ်လို့ သတင်းမှာ ဖော်ပြထားပါ တယ်။ စကော့တလန်ဘက်ကလည်း ယူကရိန်းနဲ့ပွဲကို ရွှေ့ဆိုင်းခဲ့တာဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ သဘောတူညီခဲ့တာဖြစ်ပါတယ်။

Source:Goal