CNI Sport News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄

ချယ်လ်ဆီး အသင်း ကွင်းလယ်ကစားသမား ကန်တီ ဟာ ပရီးမီးယားလိဂ်၊ချန်ပီယံလိဂ်၊ကမ္ဘာ့ဖလားနဲ့ ကလပ် ကမ္ဘာ့ဖလားတို့ကို ရယူနိုင်တဲ့ သမိုင်းတလျှောက် ကစားသမား(၄)ဦးထဲက (၁)ဦးအပါအဝင် ဖြစ်လာခဲ့ပါပြီ။ ချယ်လ်ဆီး အသင်းဟာ အဘူဒါဘီမှာ ကစားခဲ့တဲ့ပွဲမှာ ပယ်လ်မီးရတ်စ် အသင်းကို အချိန်ပိုမှာ အနိုင်ရပြီး ကလပ်ကမ္ဘာ့ဖလားချန်ပီယံဆုကို ပထမဆုံးအကြိမ်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါဟာ ချယ်လ်ဆီးနဲ့ ကန်တီ တို့အတွက် နောက်ထပ်ဆုဖလားတခုကို သိမ်းပိုက်နိုင်ခဲ့တာပါ။ ကန်တီ ဟာ (၂၀၁၅-၁၆) ရာသီက လက်စတာ အသင်းနဲ့ ပရီးမီးယားလိဂ်ဖလားရယူပြီး တရာသီအကြာမှာ ချယ်လ်ဆီး အသင်းကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ ကန်တီ ဟာ လန်ဒန်ကလပ်ကို ရောက်ရှိလာတဲ့ ပွဲဦးထွက်ရာသီမှာပဲ ပရီးမီးယား လိဂ်ဖလားကို ရယူနိုင်ခဲ့တာပါ။ ကန်တီ ဟာ (၂၀၁၈) ကမ္ဘာ့ဖလားရယူနိုင်ခဲ့တဲ့ ပြင်သစ်လက်ရွေးစင် အသင်းမှာ လည်း အဓိက ကစားသမားအဖြစ် ခြေစွမ်းပြသနိုင်ခဲ့တာဖြစ်ပါတယ်။

ကန်တီ ဟာ ပြီးခဲ့တဲ့ရာသီက ချယ်လ်ဆီး အသင်း ချန်ပီယံလိဂ်ဖလားရယူခဲ့ရာမှာ အရေးပါတဲ့ အခန်းကဏ္ဍ ကနေ ပါဝင်ခဲ့သလို စနေနေ့ကလည်း အသင်းနဲ့အတူ ကလပ်ကမ္ဘာ့ဖလားကို ရယူနိုင်ခဲ့တာပါ။ အဲဒါကြောင့် ကန်တီ ဟာ အဓိကဆုဖလား(၄)ခုကို ရယူနိုင်ခဲ့တဲ့ ကစားသမားဖြစ်လာခဲ့ပါတယ်။ အာဆင်နယ် အသင်း ဂန္တဝင်ကစားသမား အွန်နရီ ကတော့ ဒီအောင်မြင်မှုကို ပထမဆုံးရယူနိုင်ခဲ့တဲ့သူ ဖြစ်ခဲ့တာပါ။ သူဟာ (၁၉၉၈) က ပြင်သစ်နဲ့ ကမ္ဘာ့ ဖလားရခဲ့ပြီး (၂၀၀၂)မှာ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် ဘာစီလိုနာ အသင်းကို ပြောင်းရွှေ့တဲ့အချိန်မှာ အွန်နရီ ဟာ ချန်ပီယံလိဂ်နဲ့ ကလပ်ကမ္ဘာ့ဖလား တို့ကို ရယူနိုင်ခဲ့တာပါ။ နောက်ထပ်တဦးကတော့ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်တွေကို မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ရယူနိုင်ခဲ့တဲ့ ပီကေး ဖြစ်ပါတယ်။ ပီကေးဟာ ဘာစီလိုနာ အသင်းကို ပြောင်းပြီးတဲ့အချိန်မှာလည်း ချန်ပီယံလိဂ်နဲ့ ကလပ်ကမ္ဘာ့ဖလားတို့ကို ရယူနိုင်ခဲ့ပါတယ်။ ဘာစီလိုနာ နောက်ခံလူဟာ (၂၀၁၀)မှာ စပိန်အသင်း နဲ့အတူ ကမ္ဘာ့ဖလားကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

နောက်ထပ်တဦးကတော့ ပတ်ဒရိုဖြစ်ပြီး သူဟာ ပီကေးနဲ့အတူ ဘာစီလိုနာ အသင်းမှာ ချန်ပီယံလိဂ်နဲ့ ကလပ် ကမ္ဘာ့ဖလားတို့ကို ရရှိခဲ့တာပါ။ ဒါ့အပြင် စပိန်အသင်းနဲ့ အတူ (၂၀၁၀) ကမ္ဘာ့ဖလားကို ရယူနိုင်ခဲ့ပြီး ပရီးမီးယား လိဂ်ဖလားကိုတော့ ချယ်လ်ဆီး အသင်းနဲ့ ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

Source:Sportbible