CNI Sport News
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄
လမ်ပန်ဝါရီယာ အသင်းမှာ ကစားနေတဲ့ မြန်မာ့လက်ရွေးစင် အသင်းခေါင်းဆောင် မောင်မောင်လွင် ကတော့ ထိုင်းလိဂ်(၂) မှာ သူ့ရဲ့ ပထမဆုံးသွင်းဂိုးကို သွင်းယူနိုင်ခဲ့ပြီဖြစ်ပါတယ်။
မောင်မောင်လွင် ဟာ လမ်ပန်ဝါရီယာ အသင်းက မြောင်ကန်ယူနိုက်တက် အသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲမှာ အသင်းအတွက် ခြေစွမ်းပြပြီး ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။
မောင်မောင်လွင် ဟာ ဒီပွဲမှာ လမ်ပန်ဝါရီယာ အသင်းရဲ့အနိုင်ရလဒ်ကို သေချာစေမယ့် တတိယမြောက် သွင်းဂိုးကို သွင်းယူနိုင်ခဲ့တာပါ။ ရန်ကုန်ယူနိုက်တက် ကစားသမားဟောင်း ဟာ ပြိုင်ဘက်ဂိုးသမားကို လိမ်ခေါက်ပြီး လှပတဲ့ သွင်းဂိုးကို သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။
မောင်မောင်လွင် ဟာ ဒီပွဲမှာ လမ်ပန်ဝါရီယာ အသင်း ဂိုးရနိုင်မယ့် အခွင့် အရေးအများအပြားကို ဖန်တီးနိုင်ခဲ့ပေမယ့် အသင်းကစားသမားတွေ အဆုံးသတ်မသေချာခဲ့တာကြောင့် လမ်ပန် ဝါရီယာ အသင်းဟာ ဒီထက်ဂိုးပြတ်တဲ့ နိုင်ပွဲမရခဲ့ပါဘူး။
မောင်မောင်လွင် ဟာ လမ်ပန်ဝါရီယာ အသင်းကို ရောက်ရှိကတည်းက ခြေစွမ်းပြသနေတာကြောင့် နည်းပြက သူ့ကို ပွဲတိုင်းနီးပါး ပွဲထွက်လူစာရင်းမှာ အသုံးပြုနေခဲ့တာဖြစ်ပါတယ်။ မောင်မောင်လွင် ဟာ လမ်ပန်ဝါရီယာ အသင်းအတွက် အခုမှ ပထမဆုံးဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပေမယ့် ဂိုးဖန်တီးမှု(၃)ကြိမ် ပြုလုပ်ထားပြီးသားဖြစ်ပါ တယ်။ မောင်မောင်လွင် ကတော့ သူ့ရဲ့ ပထမဆုံးသွင်းဂိုးကြောင့် အလွန်ပျော်ရွှင်နေတယ်လို့ ဖေ့စ်ဘုတ်စာမျက်နှာ မှာ ရေးသားထားခဲ့တာပါ။
လာမယ့်ရာသီ ထိုင်းလိဂ်(၁)ကို တန်းတက်နိုင်ဖို့ မျှော်လင့်နေတဲ့ လမ်ပန်ဝါရီယာ အသင်းဟာ ဒီပွဲအနိုင်ကြောင့် ဒုတိယနေရာက ဆူခိုထိုင်း အသင်းကို ဆက်လက်ဖိအားပေးနေခဲ့တာဖြစ်ပါတယ်။ လမ်ပန်ဝါရီယာ အသင်းဟာ ရမှတ်(၄၆)မှတ်နဲ့ တတိယနေရာမှာ ရပ်တည်နေပြီး ဆူခိုထိုင်း အသင်းက (၄၉)မှတ်နဲ့ ဒုတိယ၊ ထရက် အသင်း ကတော့ ရမှတ်(၅၄)မှတ်နဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်နေတာပါ။
ထိုင်းလိဂ်(၁)ပြိုင်ပွဲကို ထိပ်ဆုံး(၂) သင်းက တိုက် ရိုက်တန်းတက်နိုင်မှာဖြစ်ပြီး အဆင့်(၃)ကနေ အဆင့်(၆)ရတဲ့ အသင်းကတော့ ပလေးအောဖ့် ကစားပြီး အနိုင်ရတဲ့ တသင်းက တန်းတက်နိုင်မှာဖြစ်ပါတယ်။
မောင်မောင်လွင်နဲ့အတူ ထိုင်းလိဂ်(၂)မှာ ကစားနေတဲ့ မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး အောင်ကောင်းမာန် ကလည်း အူဒုံဌာနီ အသင်းအတွက် ဒီတပတ်ထဲမှာပဲ ဂိုးသွင်းနိုင်ခဲ့တာပါ။ လမ်ပန်ဝါရီယာ အသင်းဟာ အခု အပတ်မှာ ထိုင်းလိဂ်(၂) ပွဲစဉ်အဖြစ် ချိုင်းနတ်ဟောဘေးလ် အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။