CNI Sport News
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃
ချယ်လ်ဆီး အသင်းနည်းပြ တူချယ်လ် ကတော့ ပထမဆုံးအကြိမ်ရယူနိုင်ခဲ့တဲ့ ကလပ်ကမ္ဘာ့ဖလား ချန်ပီယံဆုကို အသင်းပိုင်ရှင် အေဘရာမိုဗစ်ခ်ျကို ရည်ညွှန်းတယ်လို့ပြောလိုက်ပါတယ်။ချယ်လ်ဆီး အသင်းဟာ ဗိုလ်လုပွဲမှာ ပယ်လ်မီးရတ်စ် အသင်းကို အချိန်ပိုမှာ အနိုင်ရပြီး ချန်ပီယံဆုကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
ပွဲချိန်အတွင်း တဖက်တဂိုးစီ သရေကျခဲ့တာကြောင့် အချိန်ပိုဆက်ကစားခဲ့ရတာပါ။အချိန်ပိုမှာ ဟာဗတ်စ် က ပင်နယ်တီကနေ ချယ်လ်ဆီး အတွက် အနိုင်ဂိုးသွင်းယူပေးခဲ့တာကြောင့် ချယ်လ်ဆီး အသင်း ၂ ဂိုး-၁ ဂိုးနဲ့ အနိုင် ရရှိသွားခဲ့တာဖြစ်ပါတယ်။
အဲ့ဒါကြောင့် ချယ်လ်ဆီး အသင်းဟာ အသင်းပိုင်ရှင် အေဘရာမိုဗစ်ခ်ျ လက်ထက်မှာ ဆုဖလားအားလုံးကို ရယူ နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ချယ်လ်ဆီး အသင်းဟာ နည်းပြ တူချယ်လ် လက်ထက်မှာ ချန်ပီယံလိဂ်၊ ယူအီး အက်ဖ်အေစူပါဖလားနဲ့ အခု ကလပ်ကမ္ဘာ့ဖလား တို့ကို ရယူနိုင်ခဲ့တာပါ။
တူချယ်လ် က "ဒါက အသင်းပိုင်ရှင်အတွက်ဆိုတာ သံသယမရှိပါဘူး။ဗိုလ်လုပွဲအပြီး ကွင်းထဲမှာ သူနဲ့ တွေ့ဆုံ ခဲ့ပါတယ်။သူက ဂုဏ်ယူပါတယ်လို့ ပြောခဲ့တယ်။ကျနော်ကလည်း ဂုဏ်ယူပါတယ်။ဒါက ခင်ဗျားအတွက်ပါ။ဒါက ခင်ဗျားကလပ်ပါ။ခင်ဗျားရဲ့စိတ်အားထက်သန်မှုပါ။ဆုဖလားက သူ့အတွက်ဆိုတာ သေချာပါတယ်"လို့ ပွဲအပြီးမှာ ပြောခဲ့တာဖြစ်ပါတယ်။
ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့အကောင်းဆုံး ကစားသမားဆုကိုတော့ ချယ်လ်ဆီး နောက်ခံလူ သီယာဂိုဆေးလ်ဗား က ရရှိသွားခဲ့တာဖြစ်ပါတယ်။
Source – BBC