CNI Sport News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၈

ချယ်လ်ဆီးအသင်းကို ၂ ကြိမ် ကိုင်တွယ်ခဲ့တဲ့ မော်ရင်ဟိုဟာ အသင်းကို ထပ်ပြီးကိုင်တွယ်ဖို့ စတမ်းဖို့ဒ်ဘရစ်ချ်ထံ ပြန်လာချင်နေတယ်လို့ သိရပါတယ်။

ဒေးလီးမေးလ်က မော်ရင်ဟိုဟာ ချယ်လ်ဆီးအသင်းကို ကိုင်တွယ်နေတဲ့ နည်းပြ ဂရေဟမ်ပေါ်တာသာ အသင်း ကနေ ထွက်ခွာသွားမယ်ဆိုရင် သူ့ရဲ့နေရာကို အစားထိုး ဝင်ရောက်မယ့် အခြေအနေနဲ့ ပတ်သက်ပြီး သူ့ရဲ့ သဘောထားကို ပြောပြထားတယ်လို့ ဖော်ပြထားပါတယ်။

ဒါပေမယ့် ချယ်လ်ဆီး အသင်းကတော့ ဂရေဟမ်ပေါ်တာကို ဆက်ပြီး ထောက်ခံသွားမယ်လို့ အတည်ပြုထား ပါတယ်။

ရိုးမားအသင်းကို ကိုင်တွယ်နေတဲ့ မော်ရင်ဟိုဟာ အသင်းဘုတ်အဖွဲ့က အပြောင်းအရွှေ့ အသုံးစရိတ်တွေကို လုံလောက်စွာ အသုံးပြုခြင်း မရှိတာကြောင့် စိတ်ပျက်နေပါတယ်။

မော်ရင်ဟိုကိုတွေ့ရစဉ်

ဒီနောက်မှာတော့ မော်ရင်ဟိုဟာ လန်ဒန်မှာရှိတဲ့ ဇနီးနဲ့ သားသမီးတွေဆီ ပြန်လာဖို့ စိတ်အား ထက်သန်နေတာပါ။

ရိုးမားအသင်းဟာ မော်ရင်ဟို ရောက်လာပြီး ကတည်းက အပြောင်းအရွှေ့ အသုံးစရိတ် ယူရို ၁၂၆.၅ သန်း သုံးစွဲ ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ နွေရာသီမှာ ငွေသုံးစွဲမှု နည်းပါးသွားခဲ့ပြီး လိုင်လီက ဆီလစ်ခ် တစ်ဦးတည်း အတွက် ယူရို ၆ သန်း အသုံးပြုခဲ့ပါတယ်။

မာတစ်၊ ဒိုင်ဘားလား၊ ဝစ်ချ်နယ်လ်ဒန်း တို့ကို အငှားနဲ့ခေါ်ယူခဲ့ပြီးနောက် ငွေကြေး အများအပြား သုံးစွဲခြင်း မရှိတော့တာ ဖြစ်ပါတယ်။

ဒါပေမယ့် မော်ရင်ဟိုဟာ ရိုးမားအသင်းကို ယူရိုပါကွန်းဖရန့်စ်လိဂ် ရခဲ့တဲ့အသင်းကို အခြေခံကာ ၂၀၁၈ နောက် ပိုင်း ချန်ပီယံလိဂ် ဝင်ခွင့်ရအောင် လုပ်ဆောင်ပေးဖို့ မျှော်လင့်နေတာပါ။ ရိုးမားအသင်းဟာ အခုနှစ်ရာသီ စီးရီးအေ အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

ရိုးမားအသင်းဟာ အဆင့် ၃ နဲ့ အဆင့် ၄ နေရာမှာရှိတဲ့ အင်တာမီလန်၊လာဇီယိုတို့နဲ့ ရမှတ်တူ ဂိုးကွာခြားချက် ကြောင့် အခုလို အဆင့် ၅ နေရာမှာ ရပ်တည်နေတာပါ။

မော်ရင်ဟိုရဲ့ ရိုးမားအသင်းဟာ ဒီတစ်ပတ် စီးရီးအေ ပွဲစဉ်အဖြစ် အမှတ်ပေးဇယား ထိပ်ဆုံးနေရာက နာပိုလီ အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Goal